
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ မတ် ၁၂ ရက် မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၄၀၀ ကျော် မီးလောင်ကျွမ်းကာ အမျိုးသားတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာမှာ မတ် ၁၂ ရက် မွန်းလွဲ ၂ နာရီကျော်လောက်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ပွင့်ဖြူမြို့နယ် ဒေသခံတယောက်က DVB ကို ပြောပါတယ်။
ပေါ့ဆမီးကြောင့် မီးလောင်မှုဖြစ်ပွားတာလို့ သိရပြီး အဲဒီမီးလောင်မှုကြောင့် အသက် ၇၀ အရွယ် အမျိုးသားတယောက် သေဆုံးခဲ့ကာ အိမ်ခြေ ၆၀၀ လောက်ရှိတဲ့ထဲက နေအိမ် ၄၂၀ လောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
မုန်းဇလဲရွာမှာ အလှူရှိနေပြီး အလှူလုပ်တဲ့အိမ်လည်း မီးထဲပါသွားကာ ရွာသူရွာသားတွေနဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေက ဒေသခံတွေ ဝိုင်းဝန်ငြှိမ်းသတ်ခဲ့လို့ ညနေ ၅ နာရီကျော်လောက်မှာ မီးငြိမ်းခဲ့တယ်လို့ ပြောပါတယ်။
အဲဒီမီးလောင်မှုကြောင့် ပြည်သူ ၂,၀၀၀ လောက် မီးဘေးသင်ခဲ့ကာ ဘုန်းကြီးကျောင်းနဲ့ နီးစပ်တဲ့ ဆွေမျိုးတွေဆီမှာ ခိုလှုံနေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။