
ဘိုလီးဗီးယားနိုင်ငံမြို့တော် လာပက်ဇ်ရှိ ရပ်ကွက် ၂ ခုမှာ မတ် ၁၀ ရက် ၁၁ ရက်တို့မှာ ၂ ရက် ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုအတွင်း လူ တယောက် သေဆုံးခဲ့ပြီး နေအိမ်တွေ အများအပြား ပျက်စီးသွားပါတယ်။
ကိုဒါဗီဇာရပ်ကွက်နဲ့ အဲဒီကနေ သိပ်မဝေးတဲ့ ချာစ်ကီပမ်းပါး ရပ်ကွက် ၂ ခုမှာ မြေပြိုမှု ကြုံခဲ့ရတာဖြစ်ပြီး မိသားစု ၄၀ ထက်မနည်း ထိခိုက်ခဲ့ပါတယ်။
အင်္ဂါနေ့က ချာစ်ကီပမ်းပါး ရပ်ကွက်မှ အသက် ၅၇ နှစ်အရွယ် လူတယောက်ဟာ သူ့အိမ်ထဲ နေရင်းမှာ မြေပြိုမှုကြောင့် သေဆုံးသွားခဲ့ရပြီး သူ့နေအိမ်လည်း ပျက်စီးသွားကာ သူ့ရုပ်အလောင်း ကို အပျက်အစီးတွေထဲကနေ ဆယ်ယူနိုင်ခဲ့ပါတယ်။
ဒီနယ်မြေကြီးတခုလုံးမှာ အခုနှစ်သာမက အရင်နှစ်တွေကတည်းက မိုးရွာသွန်းမှုတွေကြောင့် ဒီသဘာဝဘေး အန္တရာယ်ဖြစ်ပွားခဲ့ပြီး မြေဆီလွှာတွေမှာ ရေတွေပြည့်နှက်နေတာကြောင့်လို့ အာဏာပိုင်တွေက ပြောပါတယ်။
လုံခြုံရေးအဖွဲ့တွေက နေအိမ်တွေကို ရှင်းလင်းပေးခဲ့ရပြီး ရပ်ကွက်နေပြည်သူတွေဟာ မတ် ၁၁ ရက်မှာ သူတို့ရဲ့ ပျက်စီးနေတဲ့ အိမ်တွေထဲကနေ သူတို့ရဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ၊ အိမ်မွေး တိရစ္ဆာန်တွေကို လာရောက်ယူဆောင်ခဲ့ကြပါတယ်။
ဘေးဒဏ်သင့် ပြည်သူတွေဟာ တကိုယ်ရည်သုံးပစ္စည်းတွေကနေ ရေခဲသေတ္တာတွေ၊ သံပြားတွေ အထိ ပစ္စည်းတွေကို အက်ကွဲနေတဲ့ လမ်းတွေတလျှောက် ဆွဲယူသွားကြပါတယ်။
အပျက်အစီးတွေကြားမှာ အိမ်မွေးတိရစ္ဆာန်များစွာ ကျန်ရစ်ခဲ့တာကြောင့် သူတို့ပိုင်ရှင်တွေဆီ မပြန်နိုင်သေးမချင်း လာပက်ဇ် မြို့တော်ဝန်ရုံးမှ ယာယီတဲတွေမှာ ထားရှိပြီးတော့ အိမ်မွေး တိရစ္ဆာန်တွေ ပြန်လည်ထူထောင်ရေးကို စတင်လုပ်ဆောင်ခဲ့ပါတယ်။
မြေပြိုမှုကြောင့် အနည်းဆုံး မိသားစု ၄၀ လောက် ထိခိုက်ခဲ့ကြောင်း ဘိုလီးဗီးယား နိုင်ငံပိုင် သတင်းအေဂျင်စီ ABI က ဖော်ပြပါတယ်။
Source: Reuters