
ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်း ခေါင်းဆောင် အနည်းဆုံး ၆ ယောက်ကို ဖမ်းမိထားပြီး လတ်တလော ရှာဖွေတွေ့ရှိထားတဲ့ ကျားဖြန့် ဝန်ထမ်း ၅၀၀၀ ကျော်ကို ထိန်းသိမ်းထားတယ်လို့ BGF နယ်ခြားစောင့်တပ် ဒုဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့က ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို အထူးတပ်ဖွဲ့ဖွဲ့စည်း နှိမ်နှင်းခဲ့တဲ့ တလပြည့်တဲ့ မတ် ၁၂ ရက်မှာ ကရင်နယ်ခြားစောင့်တပ် (BGF)က သတင်းစာရှင်းလင်းပွဲတရပ်ကို ရွှေကုက္ကိုမြို့မှာ ကျင်းပရာမှာ BGF နယ်ခြားစောင့်တပ် ဒုဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောကြားလိုက်တာပါ။
မြဝတီက ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းတဲ့အနေနဲ့ ဖေဖော်ဝါရီ ၅ ရက်မှာ ထိုင်းနိုင်ငံက မြဝတီကို ပေးနေတဲ့ လျှပ်စစ်မီး၊ လောင်စာဆီနဲ့ အင်တာနက်ဖြတ်ပစ်ခဲ့ပါတယ်။
ဒီနောက် BGF နယ်ခြားစောင့်တပ်ကလည်း ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျားဖြန့် နှိမ်နင်းရေး ကော်မတီဖွဲ့စည်းပြီး ကျားဖြန့်နှိမ်နင်းရေး လုပ်ဆောင်ခဲ့တာ အခုဆို တလပြည့်ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တလအတွင်း ကျားဖြန့်မှာ ခိုင်းစေခံနေရတဲ့ ထောင်နဲ့ချီတဲ့ နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံဘက် ပြန်လွှဲပေးခဲ့ပြီး သက်ဆိုင်ရာနိုင်ငံတွေကနေ လေယာဉ်တွေနဲ့ လာရောက် ခေါ်ယူ နေပါတယ်။
ဒီနေ့ သတင်းစာရှင်းပွဲမှာ မြန်မာသတင်းဌာနတွေက သတင်းထောက်တွေအပြင် ထိုင်းရုပ်သံ သတင်းဌာတွေရဲ့ သတင်းထောက်တွေလည်းလာရောက် သတင်းယူတာတွေ့ရပါတယ်။