
တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ထားဝယ်ပြည်သူ့ဆေးရုံကြီးဝင်းထိပ်က ကံ့ကော်ပင်ပေါ်မှာ မတ်လ ၁၀ ရက်၊ မနက် ၁၁ နာရီကျော်လောက်က အပင်ခွမှာ ညပ်နေတဲ့ မိန်းကလေးတယောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ထားဝယ်မီးသတ်က ပြောပါတယ်။
ထားဝယ်ဆေးရုံဝင်းထဲမှာပဲ နေထိုင်တဲ့ အသက် ၁၂ နှစ်အရွယ် မိန်းကလေးဟာ ကံ့ကော်ပင်ရဲ့ ၂၅ ပေလောက် အမြင့်နေရာက ခွကြားမှာ ပန်းခူးရာကနေ ဒူးထောက်ထားရာမှ ဆွဲထုတ်မရ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ထိခိုက်မှု မရှိပါဘူး။ တက်တုန်းကတော့ ပန်းခူးဖို့လို့ ပြောတယ်။ ပင်စည်နဲ့ ကိုင်းရဲ့ ခွကြားမှာ ဒူးက ဝင်သွားပြီး ဆွဲထုတ်မရ ဖြစ်တာ” လို့ ပြောပါတယ်။
မိန်းကလေးရဲ့ အကူအညီတောင်းသံကို အနားနေထိုင်သူတွေက ကြားခဲ့တာကြောင့် မီးသတ်ကို အကြောင်းကြားခဲ့ပြီး အထပ်မြင့်ကယ်ဆယ်ရေးသုံး လှေကားနဲ့ မီးသတ်အဖွဲ့ဝင် ၅ ယောက်က မနက် ၁၁ နာရီ ၁၅ မိနစ်လောက်မှာ လာရောက် ကယ်ဆယ်ခဲ့ပါတယ်။
ကူညီကယ်ဆယ်မှုပြီးချိန်မှာ ခွကြားညှပ်နေသူမိန်းကလေးဟာ မြေပြင်ကို ထိခိုက်ဒဏ်ရာမရှိ ဆင်းသက်နိုင်ခဲ့ပြီး မနက် ၁၁ နာရီခွဲလောက်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးဆုံးသွားတယ်လို့ သိရပါတယ်။