
မတ် ၁၀ ရက်က X လူမှုကွန်ရက် ပြတ်တောက်မှုတွေ့ကြုံခဲ့ရတာဟာ ဆိုက်ဘာတိုက်ခိုက်ခံရတာကြောင့်ဖြစ်ပြီး တိုက်ခိုက်မှုဟာ ယူကရိန်း IP address တွေကနေ လာတာဖြစ်တယ်လို့ ပိုင်ရှင်ဖြစ်သူ အီလွန်မတ်စ်ခ်က ပြောကြားခဲ့ပါတယ်။
“ကျုပ်တို့ နေ့တိုင်း တိုက်ခိုက်ခံရပါတယ်။ ဒါပေမဲ့ ဒီတခါကတော့ အရင်းမြစ်တွေ အများကြီးသုံး လုပ်တာပါ။ အကြီးစား၊ စုဖွဲ့အုပ်စုနဲ့ တိုက်တာဖြစ်ရင်ဖြစ်၊ မဖြစ်ရင် နိုင်ငံတခု ပတ်သက်နေပါတယ်” လို့ မတ်စ်ခ်က X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အဲဒီနေ့နှောင်းပိုင်းမှာပဲ Fox Business က လာရီကက်ဒ်လိုနဲ့ အင်တာဗျူးမှာ ဒီကိစ္စကို ထပ်မေးခံခဲ့ရပါတယ်။
“ဒီနေ့ X ကို ဆိုက်ဘာတိုက်ခိုက်ခံရပြီး ပိတ်ကျသွားပါတယ်။ နိုင်ငံခြားက မြစ်ဖျားခံနိုင်တယ်လည်း ပြောထားတော့ ဒါက သတင်းကြီးပါ။ အဲဒါနဲ့ပတ်သက်ပြီး နည်းနည်းပြောပြနိုင်မလား” လို့ ကက်ဒ်လိုက မေးခဲ့ပါတယ်။
အဲဒီအခါ မတ်စ်ခ်က “အင်း၊ ကျုပ်တို့လည်း ဘာဖြစ်ခဲ့တယ်ဆိုတာ သေချာတော့ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ X ရဲ့ System ကို ကျသွားအောင်လို့ ယူကရိန်းဧရိယာက မြစ်ဖျားခံတဲ့ IP Address တွေကနေ ဆိုက်ဘာတိုက်ခိုက်မှု အကြီးအကျယ် လုပ်ဆောင်ခဲ့တာပါ” လို့မတ်စ်ခ်က ဖြေကြားခဲ့ပါတယ်။
ထရမ့်ပ်အစိုးရအဖွဲ့မှာ အစိုးရအကျိုးထိရောက်မှုဌာန (DOGE) အတွက် အလုပ်လုပ်ပေးနေရင်းနဲ့ စီးပွားရေးလုပ်ငန်းတွေ လည်ပတ်ရတာရော အဆင်ပြေသလားဆိုတဲ့ မေးခွန်းကိုလည်း “အင်မတန် ခက်ခက်ခဲခဲ လုပ်နေရတာပါ” လို့ Tesla နဲ့ SpaceX စီအီးအို အီလွန်မတ်စ်ခ်က ဖြေကြားခဲ့ပါတယ်။
ဒါပေမဲ့ “နောက်ပြန်မလှည့်ဘူးဆို” လို့ ကက်ဒ်လိုက ထပ်မေးတဲ့အခါမှာ မတ်စ်ခ်က “အစိုးရကို ပိုထိထိရောက်ရောက်ဖြစ်အောင်ပဲ ကြိုးစားပေးနေတာပါ” လို့ ဆက်ပြောခဲ့ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် မတ်စ်ခ်ဟာ Tesla နဲ့ SpaceX စီအီးအို တာဝန်တွေအပြင် X နဲ့ xAI ကုမ္ပဏီတွေကိုပါ ဦးဆောင်နေတာ ဖြစ်ပါတယ်။
အောက်တိုဘာလနောက်ပိုင်း Tesla ရဲ့ ရှယ်ယာစျေးတွေ အနိမ့်ဆုံးထိုးကျပြီးတော့ စတော့စျေးကွက်တန်ဖိုး ဒေါ်လာ ၁၃၀ ဘီလီယံအထိ ဆုံးရှုံးခဲ့အပြီးမှာ မတ်စ်ခ်က အခုလို မှတ်ချက်ချခဲ့တာလည်း ဖြစ်ပါတယ်။
Source : Reuters