မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ကျွန်းတပ်တောတိုက်နဲ့ မြစ်သာဆည်ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် CDM စစ်သားတယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၁၀ ရက်ည ၁၀ နာရီဝန်းကျင်က မြိုနယ်တောင်ပိုင်း မြစ်သာဆည်ပေါ်က CDM စစ်သားတွေထားရှိတဲ့ အဆောင်နဲ့ ည ၁၂ နာရီဝန်းကျင်က မြို့နယ်မြောက်ပိုင်း ကျွန်းတပ်တောတိုက်က စစ်ဘေးရှောင်တွေနေတဲ့ဆီကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်သွားခဲ့တာပါ။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြစ်သာဆည်ပေါ်က အသက် ၅၀ ကျော်အရွယ် CDM စစ်သားတယောက် သေဆုံးခဲ့ကာ CDM စစ်သား ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျွန်းတပ် စစ်ဘေးရှောင် အသက် ၁၈ နှစ်အရွယ် လူငယ်တယောက် ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဂန့်ဂေါဒေသခံတွေက DVB ကို ပြောပါတယ်။
လက်ရှိမှာ ကျွန်းတပ်တောတိုက်က ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ဘေးရှောင် ဒေသခံလူငယ်ဟာ စိုးရိမ်ရတဲ့အခြေအနေရှိနေပြီး နွားတကောင် သေဆုံးကာ ၂ ကောင် ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။
မတ် ၅ ရက် ညကလည်း စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂန့်ဂေါနယ် ကန်ရွာက သက်ကြီးပိုင်းအရွယ် အရပ်သား ၂ ယောက် သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှု အခြေအနေတွေနဲ့ပတ်သက်ပြီး စစ်တပ်ဘက်ကတော့ ထုတ်ပြန်ပြောဆိုလေ့ မရှိသလို မြေပြင်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီက ဒေသကာကွယ်ရေးတပ် ထိန်းချုပ်ထားတဲ့နယ်မြေတွေကို လေကြောင်းကနေ တိုက်ခိုက်နေတာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းပြုစုချက်အရ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၅ မတ်လ ၁၀ ရက်အထိ စစ်ကောင်စီ လက်ချက်ကြောင့် အရပ်သား ၆၃၈၉ ယောက် သေဆုံးထားကြောင်း ဖော်ပြထားပါတယ်။