
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAO တွေအနေနဲ့ ကိုယ်ဖြစ်ချင်တာတွေ မပြောဘဲ ဖြစ်သင့်တာနဲ့ ဖြစ်နိုင်တာကို ပြောဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
မတ် ၉ ရက်က ရုရှားနဲ့ ဘယ်လာရုစ် ခရီးစဉ်ကအပြန် လေယာဉ်ပေါ်မှာ ခရီးစဉ်ကို လိုက်ပါသွားတဲ့ မီဒီယာတွေကို စစ်ခေါင်းဆောင်က ပြောဆိုတာဖြစ်ပြီး စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်တွေကို ဒီနေ့ မတ် ၁၁ ရက်ထုတ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
စစ်ခေါင်းဆောင်က “EAO တွေကိုလည်း ကျနော် ပြောချင်တာကတော့ ကိုယ်ဖြစ်ချင်တာတွေ မပြောပါနဲ့။ ဖြစ်သင့်တာတွေ၊ ဖြစ်နိုင်တာတွေပဲပြောဖို့ ကောင်းတယ်။ လူဆိုတာကတော့ ဖြစ်ချင်တာကတော့ လူတိုင်း ဖြစ်ချင်တာပဲ။ ကျနော်လည်း ဖြစ်ချင်တာတွေ အများကြီးရှိတာပဲ။ ဒါပေမဲ့ ကျနော် ဖြစ်ချင်တာ ဖြစ်ချင်မှလည်းဖြစ်လိမ့်မယ်။ ဖြစ်သင့်တာ ဖြစ်နိုင်တာကိုပဲ ကျနော်တို့သွားတာ ကောင်းတယ်”လို့ ပြောပါတယ်။
ဒီမိုကရေစီအခွင့်အရေးနဲ့ တိုင်းရင်းသားအခွင့်အရေးတွေ ပေးထားတယ်လို့လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
“ကျနော်တို့ ပြောတယ်။ ကျနော်တို့ တစ် အချက် ဒီမိုကရေစီအခွင့်အရေးပေးတယ်။ တိုင်းရင်းသားနဲ့ပတ်သက်တဲ့ အခွင့်အရေးပေးတယ်။ ကမ္ဘာမှာကြည့်လိုက် အကုန်လုံးက မျှတတဲ့ အခွင့်အရေးပဲ ကိုယ် ရတယ်။ တဖက်သတ်အခွင့်အရေးကို သွားပေးလို့မရဘူး။ တိုင်းရင်းသားဘက်က စဉ်းစားဖို့သင့်တယ်ဆိုတာ ကျနော် ပြောလိုတယ်။ ကျနော်တို့အနေနဲ့ တိုင်းရင်းသားတွေဘက်ကိုလည်း ဦးစားပေးပြီးတော့ ဆောင်ရွက်ပေးမယ်။ ကျနော် ဆုံးဖြတ်ထားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျပြီး ကျန်ခဲ့တဲ့ တိုင်းရင်းသားနယ်မြေတွေ အားလုံးကို ဦးစားပေးပြီး ကျနော် ဆောင်ရွက်ပေးမယ်။ အခုထိ ကျနော် တတ်နိုင်သမျှ လုပ်ပေးပါတယ်။”
တိုင်းရင်းသားလက်နက်ကိုင်တွေက တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ်နဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးနဲ့ အာဏာရှင်စနစ်ဖယ်ရှားရေးတို့အတွက် ရည်မှန်းချက်ထားပြီး စစ်အာဏာရှင် မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်အုပ်စုကို လက်နက်ကိုင် တော်လှန်နေကြတာရှိသလို နေပြည်တော်မှာ စစ်ကောင်စီနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးနေကြတဲ့ EAO တွေလည်း ရှိပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) က ခေါင်းဆောင်တွေရဲ့ ပြီးခဲ့တဲ့နှစ် ဘုံသဘောတူညီချက်တွေထဲမှာ သက်ဆိုင်သူအားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရေး၊ ထွက်ပေါ်လာတဲ့ ဥပဒေနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ဖို့၊ စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်ကို နိုင်ငံရေးမှာ ပါဝင်နေတာကို အဆုံးသတ်စေရေး စတာတွေ ပါဝင်ပါတယ်။