
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက ယာဥ်မောင်းဖြစ်သူနဲ့ ဇနီးဖြစ်သူတို့ သတ်ဖြတ်ခံခဲ့ရတယ်လို့ ညောင်ဦးဒေသခံတွေဆီကနေ သိရပါတယ်။
ညောင်ဦးဒေသခံ အမျိုးသားတယောက်က “ညောင်ဦးမြို့နယ်ထဲက တောပြားရွာ အရှေ့ဘက်နားက ယာခင်းနားမှာ သူတို့အလောင်း တွေ့လို့ စုံစမ်းကြည့်တော့ ငါ့သရောက်မြို့က ထွေအုပ်ရုံး ယာဥ်မောင်းနဲ့ သူ့မိန်းမ ဖြစ်နေတယ်။ အချွန်အသွားပါတဲ့ လက်နက်တခုခုနဲ့ ထိုးသတ်ခံထားရတာလို့ ယူဆကြတယ်။ သေတာကတော့ အရင်ရက်လောက်က သေတာဖြစ်မယ်။ အရမ်းကြီး လတ်လတ်ဆတ်ဆတ် သေထားတာတော့ မဟုတ်ဘူး။ တောထဲ ပဲနုတ်ထွက်တဲ့ မိန်းမတွေ တွေ့ကြတာ။ နောက်ပြီးတော့မှ နာရေးကားတွေနဲ့ ညောင်ဦးဆေးရုံ ပို့လိုက်တယ်” လို့ ပြောပါတယ်။
သေဆုံးသွားကြသူတွေရဲ့ ခန္ဓာကိုယ်တွေမှာ လည်ပင်းပြတ်ရှဒဏ်ရာနဲ့ ရင်အုံထိုးသွင်းဒဏ်ရာတွေ အပြင် အူပွင့်ထွက်ဒဏ်ရာတွေ တွေ့ရှိခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
သေဆုံးသွားကြသူတွေဟာ တောပြားကျေးရွာမှာ နေထိုင်ကြတဲ့ ငါ့သရောက်မြို့ ထွေအုပ်ရုံး ယာဥ်မောင်း (အဆင့် ၅) အသက် ၄၉ နှစ်အရွယ် ဦးသန်းလှိုင်နဲ့ ဇနီးဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဒေါ်ခင်မမတို့ ဖြစ်ကြပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကို မတ် ၉ ရက် ညနေ ၃ နာရီဝန်းကျင်မှာ အဆိုပါဒေသခံတွေ တွေ့ရှိခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ငါ့သရောက်မြို့ ထွေအုပ်ရုံးဝန်ထမ်းဟောင်းတယောက်က “သူတို့တွေက ငွေကြေး အရှုပ်အရှင်းတွေ ရှိတယ်။ ရုံးမှာလည်း ရှိတယ်။ အရပ်ထဲမှာလည်း ရှိတယ်။ အဲဒါကြောင့်လည်း မကြာခဏ ဖြေရှင်းနေရတာတွေ ရှိတယ်။ အခုလည်း ငွေကြေးပြဿနာတွေကြောင့် အသတ်ခံရနိုင်တာ ဖြစ်ဖို့များတယ်” လို့ DVB ကို ပြောပါတယ်။
ဦးသန်းလှိုင်တို့ ဇနီးမောင်နှံ သေဆုံးတာနဲ့ပတ်သက်ပြီး ညောင်ဦးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေကတော့ သူတို့လက်ချက် မဟုတ်ဘူးလို့လည်း ငြင်းဆိုထားကြပါတယ်။