
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ရွာသားတွေဆီကနေ အဓမ္မ ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အိမ်ထောင်စုအလိုက် အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်ရှိတဲ့ အိမ်ထောင်စု စာရင်းဝင်သူတွေကို ကျပ်ငွေ ၇၀၀၀၀ ကောက်ခံပြီး အသက်မပြည့်သေးတဲ့ အိမ်တွေဆီကနေ ကျပ်ငွေ ၂၀၀၀၀ ဆီ ကောက်ခံနေတယ်လို့ ဆိုပါတယ်။
မြင်းကာကုန်းဒေသခံတယောက်က “အုပ်ချုပ်ရေးမှူး လှမျိုးက လောင်းကစား အရမ်းလုပ်တယ်။ စလော့ဂိမ်းနဲ့ ငါးပစ်ဂိမ်း အမြဲဆော့တယ်။ ဂိမ်းတွေ ရှုံးပြီး ဒေသခံတွေဆီကနေ စစ်မှုထမ်းကိစ္စ အကြောင်းပြပြီး ငွေကောက်ခံနေတယ်။ သူ့လက်အောက်က ရာအိမ်မှူးတွေဖြစ်ကြတဲ့ ဖိုးချမ်း၊ ခင်စိုးမောင်ဝင်းနဲ့ မြင့်ခိုင်တို့ကို ပိုက်ဆံလိုက်ကောက်ခိုင်းတာ”လို့ ပြောပါတယ်။
မြင်းကာကုန်းကျေးရွာ အုပ်စုအတွင်းမှာ ခူးလံ၊ ကံစောင်းလေး၊ တင်းကုတ်ကြီး၊ သာယာကုန်း၊ အနောက်ပွင်း ကျေးရွာတွေရှိပြီး အိမ်ခြေ ၁၀၀၀၀ ကျော် နေထိုင်တဲ့ အုပ်စုကျေးရွာကြီးဖြစ်ကာ အိမ်ထောင်စုအလိုက် မတ်လနောက်ဆုံးထားပြီး ငွေထည့်ဝင်ပေးရမယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်၊ ရဲတွေနဲ့ပေါင်းပြီး ပြည်သူတွေဆီက စစ်မှုထမ်းဥပဒေ အကြောင်းပြပြီး ငွေကြေးတောင်းယူတာ ချမ်းသာနေကြပြီလို့ ဒေသခံတွေဆီက သိရပါတယ်။