
လျှပ်စစ်မီးပြတ်နေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ လျှပ်စစ်ပစ္စည်းတွေ ၅ ဆလောက် ဈေးတက်နေပြီး အရောင်းအဝယ်အေးနေတယ်လို့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေနှင့် ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က အဲကွန်းအသေးတလုံးကို ကျပ် ၂ သိန်းဝန်းကျင်ရှိခဲ့ရာက အခု ကျပ် ၁၀ သိန်းကျော်အထိ ရှိနေတယ်လို့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်က တာဝန်ရှိသူတယောက်က ပြောပါတယ်။
"လျှပ်စစ်ပစ္စည်းက ကျနော်ပြောပြမယ်။ အရင် ၂၀၂၀ နဲ့စာရင် ၅ ဆလောက် တက်သွားတယ်။ အရင်က အဲကွန်းတကောင်ကို ကျပ် ၂ သိန်းလောက်ရှိတာ။ အခု ၁၀ သိန်း ကျော်သွားပြီ။ အကုန်လုံး ၅ ဆ လောက်တက်တယ်။ အရင်က မီးပျက်ပြီဆိုတာနဲ့ လိုက်တင်အတွက် မီးထွန်းဖို့ပေါ့လေ။ မီးသီးခြောက်တွေ၊ ဆိုလာတွေ၊ ဘက်ထရီတွေ လာဝယ်ကြတယ်။ အခု ဘက်ထရီတွေရော၊ ဆိုလာတွေရော မရောင်းရဘူး။"
အခုလို လျှပ်စစ်ပစ္စည်းတွေ ဈေးမြင့်နေရတာဟာ တဆင့်ဝယ်ယူရတဲ့ အရောင်းကိုယ်စားလှယ် တွေဆီမှာယူရတဲ့ နှုန်းထားမြင့်တက်တာနဲ့ သယ်ယူစရိတ်များပြားတဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။
အရင်ကမီးပြတ်ပြီဆိုတာနဲ့ လျှပ်စစ်ပစ္စည်းဆိုင်တွေမှာ အရောင်းအဝယ်စည်ကားခဲ့ပေမဲ့ လက်ရှိမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် စားဝတ်နေရေးကို ဦးစားပေးရုန်းကန်နေရတဲ့အတွက် လျှပ်စစ်ပစ္စည်းတွေဘက်ကို လူတွေမျှားဦးမလှည့်နိုင်ကြဘူးလို့ သိရပါတယ်။
ကလေးမြို့မှာတော့ လျှပ်စစ်မီးဟာ ဖေဖော်ဝါရီ ၁၄ ရက်က စပြတ်နေတာဖြစ်ပြီး လျှပ်စစ်မီးပတြတ်နေတဲ့နေရာက တိုက်ပွဲအနီးဝန်းကျင်မှာကြောင့် လတ်တလောမှာ ပြုပြင်ဖို့ရာ မလွယ်ကူသေးကြောင်း ကလေးမြို့ လျှပ်စစ်ရုံးတာဝန်ရှိသူက လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။