ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နဲ့ စစ်တွေမြို့နယ်ရှိ ကျေးရွာတွေကို မတ် ၆ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ ပြည်သူတွေရဲ့ နေအိမ်ရာနဲ့ချီ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကျောက်ဖြူမြို့နယ် ဦးကင်းကျေးရွာကို မတ်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲလောက်နဲ့ ညနေ ၅ နာရီကျော်လောက်မှာ စစ်ကောင်စီရဲ့ ဓညဝတီရေတပ်ဌာနချုပ်က ဒရုန်းနဲ့ ၂ ကြိမ်ဗုံးကြဲခဲ့တယ်လို့ ကျောက်ဖြူမြို့ခံတယောက်က DVB ကို ပြောပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၁၇၀ ရှိတဲ့ ဦးကင်းကျေးရွာဟာ ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးခဲ့ပြီး ရွာသူရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
စစ်တွေမြို့နယ် ဝါဘိုကျေးရွာကို မတ် ၆ ရက် မနက် ၈ နာရီကျော်လောက်က ကံ့ကော်ကျွန်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ် ၄၀ နီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ ဝါဘိုကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း အရပ်သားပြည်သူတွေရဲ့ နေအိမ် ၁၁၀၀၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တခုဖြစ်တဲ့ Data For Myanmar က ဖေဖော်ဝါရီ ၂၇ ရက်မှာ ထုတ်ပြန်ထား ပါတယ်။