
အိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ ထရမ့်ပ်နဲ့ ဇလန်းစကီး အချေအတင်ဖြစ်ခဲ့ကြပြီးတဲ့နောက် တပတ်အတွင်းမှာ ယူကရိန်းအရေးဟာ အတက်အကျ အနိမ့်အမြင့်မျိုးစုံနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဇလန်းစကီး ကိုယ်တိုင်က သမ္မတထရမ့်ပ်ရဲ့ ဦးဆောင်မှုအောက်မှာ ငြိမ်းချမ်းရေးယူဖို့ အသင့်ရှိတယ်လို့ ထုတ်ပြောခဲ့ရပါတယ်။
ဒီလိုအခြေအနေမှာ ဥရောပဟာ အမေရိကနေရာ အစားဝင်နိုင်ပါ့မလား။ အဆုံးထိတိုက်မှာလား၊ အလျှော့ပေးပြီး ငြိမ်းချမ်းရေးယူမှာလား။ ဇလန်းစကီးနဲ့ ယူကရိန်း ဘယ်လမ်းရွေးမလဲ ဆိုတာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ဒီစစ်ပွဲဟာ ယူကရိန်းနယ်နိမိတ်ကို ကျော်လွန်ပြီး အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ ကျူးကျော်မှုကို ရင်ဆိုင်ဖို့ ဒီမိုကရက်တစ် ကမ္ဘာရဲ့ ရပ်တည်ချက်နဲ့ နောက်ဆုံးမှာ ထွက်ပေါ်လာမယ့် ငြိမ်းချမ်းရေးက ဘယ်လိုငြိမ်းချမ်းရေးမျိုး ဖြစ်မလဲဆိုတာက အနာဂတ် ကမ္ဘာ့အခင်းအကျင်းကို ပုံသွင်းပါလိမ့်မယ်။ အရင်ဆုံး ပြီးခဲ့တဲ့အပတ်အတွင်း ဘာတွေဖြစ်ခဲ့သလဲ ဆိုတာနဲ့ စကြည့်ရအောင်ပါ။
ဘဲဥပုံရုံးခန်းဒရာမာ
ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၊ ဒုသမ္မတ ဂျေဒီ ဗန့်စ်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးတို့ကြား အချေအတင်ဖြစ်ခဲ့မှုဟာ ဆက်ဆံရေးကို တော်တော်ကြီး ထိခိုက်စေခဲ့ပါတယ်။ မေးခွန်းမေးတဲ့ သတင်းထောက်တဦးကစပြီး ဒုသမ္မတ ဂျေဒီဗန့်စ် အလယ်၊ သမ္မတ ထရမ့်ပ် ကိုယ်တိုင် အဆုံး၊ အနောက်တိုင်းဝတ်စုံပြည့် ဝတ်မလာတဲ့ ကိစ္စအထိ အခြေအနေအားလုံးက ဇလန်းစကီးအတွက် ဘယ်လိုမှ အပေါက်အလမ်း မတည့်ခဲ့ပါဘူး။ ဒုသမ္မတ ဗန့်စ်ကလည်း ယူကရိန်းခေါင်းဆောင်ကို ဝေဖန်ခဲ့ပြီး ဝါရှင်တန်ရဲ့ သဘောထားကို စိန်ခေါ်တာဟာ “လေးစားမှုမရှိတာ” ဖြစ်တယ်လို့ ပြောသလို “သမ္မတကို ကျေးဇူးတင်စကားပြောဖို့” မှတ်ချက်ပေးခဲ့ပါတယ်။ သမ္မတ ထရမ့်ပ်က အမေရိကန်ရဲ့ ပံ့ပိုးမှုအပေါ် “ကျေးဇူးမသိတတ်ဘူး” လို့ ဇလန်းစကီးကို စွပ်စွဲခဲ့ပါတယ်။ နောက်ဆုံးမှာ ထရမ့်ပ်က ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ အိမ်ဖြူတော်ကနေ ထွက်သွားဖို့ အမိန့်ပေးခဲ့သလို အစည်းအဝေးလည်း ရုတ်တရက် အဆုံးသတ်ခဲ့ပါတယ်။ စီစဉ်ထားတဲ့ သယံဇာတ သဘောတူညီချက်လည်း လက်မှတ်မထိုးဖြစ်တော့ပါဘူး။
လန်ဒန်က လေပြေ
မတ်လ ၂ ရက်နေ့မှာတော့ လန်ဒန်ကိုရောက်လာတဲ့ ဇလန်းစကီးကို ဥရောပခေါင်းဆောင်တွေက နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြပါတယ်။ ဥရောပခေါင်းဆောင် အများစုနဲ့ ကနေဒါဝန်ကြီးချုပ်ပါ ပါတဲ့ ခေါင်းဆောင် ၁၈ ဦး တွေ့ဆုံပွဲအပြီးမှာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနဲ့ ရုရှားရန်ကနေ ကာကွယ်ဖို့၊ အာမခံပေးဖို့ မဟာမိတ်တပ်ပေါင်းစု (Coalition of the willing) ဖွဲ့စည်းရေး အပါအဝင် အချက်လေးချက်ပါ အစီအစဉ်ကို ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ကြေညာခဲ့ပါတယ်။
မဟာမိတ်တပ်ပေါင်းစု (Coalition of the willing) ဆိုတာဟာ စစ်ရေး၊ နိုင်ငံရေး သဘာဝရှိတဲ့ ရည်မှန်းချက်တခု အောင်မြင်အောင် ဖန်တီးတဲ့ နိုင်ငံစုံ ယာယီမိတ်ဖက်ဖွဲ့မှုမျိုး ဖြစ်ပါတယ်။ အစဉ်အလာအားဖြင့် အမေရိကန်ဦးဆောင်တဲ့ နိုင်ငံစုံတပ်ပေါင်းစုတွေကို သုံးတဲ့ ဝေါဟာရ ဖြစ်ပါတယ်။
သဘောတူညီနိုင်ခဲ့တဲ့ အချက်လေးချက်မှာ
ပထမဆုံးအချက်ကတော့ ယူကရိန်းအတွက် စစ်ဘက်အကူအညီတွေ ဆက်လက်စီးဆင်းစေဖို့နဲ့ ရုရှားအပေါ် စီးပွားရေးအရ ဖိအားဆက်ပေးဖို့ ဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးမှာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာပိုင်မှုနဲ့ လုံခြုံရေးကို သေချာစေရမှာဖြစ်သလို ဘယ်လိုငြိမ်းချမ်းရေးဆွေးနွေးပွဲမဆို ယူကရိန်းတက်ရောက်ဖို့ ဖြစ်ပါတယ်။
တတိယအချက်ကတော့ ငြိမ်းချမ်းရေးသဘောတူညီချက် ရတဲ့အခါမှာလည်း နောင်အနာဂတ်မှာ ကျူးကျော်မှုတရပ်ရပ်ကို ဟန့်တားနိုင်ဖို့ ယူကရိန်းရဲ့ ခုခံနိုင်စွမ်းအားကို မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။
နောက်ဆုံးအချက်ကတော့ ယူကရိန်းမှာ သဘောတူညီချက်ကို ကာကွယ်ဖို့ “မဟာမိတ်တပ်ပေါင်းစု” ဖွဲ့စည်းပြီး နောက်ဆက်တွဲ ငြိမ်းချမ်းရေးကို အာမခံချက်ပေးဖို့ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် စတာမာက ယူကရိန်းမှာ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် ၅,၀၀၀ ကျော် ဝယ်ယူဖို့ ထပ်တိုး စတာလင်ပေါင် ၁ ဒသမ ၆ ဘီလီယံ ပံ့ပိုးဖို့လည်း ကြေညာခဲ့ပါတယ်။ ရုရှားပိုင်ဆိုင်မှုတွေ ထိန်းသိမ်းထားရာက ရတဲ့အမြတ်နဲ့ ပြန်ဆပ်မယ့် ပေါင် ၂ ဒသမ ၂ ဘီလီယံ အကူအညီရဲ့ အပေါ်မှာ ထပ်ပေါင်းပေးမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အရေးကြီးဆုံးအချက်ကတော့ ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်တရပ် ရေးဆွဲပြီး အမေရိကန်ကို တင်ပြသွားဖို့ ဥရောပခေါင်းဆောင်တွေ သဘောတူခဲ့တာ ဖြစ်ပါတယ်။ ဆိုလိုတာက အမေရိကန်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို ဥရောပက မပစ်ပယ်နိုင်ဘူးဆိုတာ ဒီအချက်က ဖော်ပြနေပါတယ်။
အားမတန် မာန်လျှော့ရခြင်း
မတ်လ ၃ ရက်နေ့မှာတော့ သမ္မတ ထရမ့်ပ်ဟာ ယူကရိန်းအတွက် အမေရိကန်ရဲ့ စစ်ဘက်အကူအညီ အားလုံးကို “ဆိုင်းငံ့” ဖို့ ညွှန်ကြားခဲ့ပါတယ်။ လွှတ်တော်က အတည်ပြုပြီးသား ဒေါ်လာ ၃.၈ ဘီလီယံ အကူအညီထဲက နောက်ထပ် လက်နက်ပေးပို့မှုတွေ အချိန်အကန့်အသတ်မရှိ ဆိုင်းငံ့ခံရပြီ ဆိုတာ အိမ်ဖြူတော်က အတည်ပြုခဲ့ပါတယ်။ ယူကရိန်းခေါင်းဆောင်ဘက်က ငြိမ်းချမ်းရေးအတွက် သဘောရိုးနဲ့ သန္နိဋ္ဌာန်ချထားတယ်ဆိုတာ ပြသနိုင်တယ်လို့ ထရမ့်ပ်က မဆုံးဖြတ်မချင်း ဆိုင်းငံ့ထားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
နောက်တရက်အကြာမှာတော့ ဒေါ်နယ်ထရမ့်ပ်ရဲ့ “အားကောင်းတဲ့ခေါင်းဆောင်မှု” အောက်မှာ အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေးရယူဖို့ အသင့်ရှိတယ်လို့ ဇလန်းစကီးက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ယူကရိန်းခေါင်းဆောင်က စစ်ပွဲအဆုံးသတ်နိုင်အောင် မြန်မြန်လုပ်ဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။ ပထမအဆင့်အနေနဲ့ အပြန်အလှန် အကျဉ်းသားတွေ လွှတ်ပေးပြီး ဝေဟင်မှာ အပစ်ရပ်ရမယ်၊ ဒုံးကျည်တွေ၊ တာဝေးသွား ဒရုန်းတွေ၊ စွမ်းအင်နဲ့ အရပ်ဘက် အဆောက်အအုံတွေပေါ်ဗုံးကြဲမှုတွေ အရင်ရပ်နိုင်တယ်လို့ ဆိုပါတယ်။ ပင်လယ်ပြင်မှာလည်း ရုရှားက သဘောတူရင် အပစ်ရပ်နိုင်တယ်လို့ ရေးထားပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့က ဆွေးနွေးမှုဟာ ဖြစ်သင့်သလို မဖြစ်ခဲ့ဘဲ ဒီလိုဖြစ်သွားခဲ့ရတာ နောင်တရမိတယ်၊ ဝါရှင်တန်ဆွေးနွေးပွဲတုန်းက လက်မှတ်မထိုးဖြစ်ခဲ့တဲ့ အမေရိကန်နဲ့ သယံဇာတ သဘောတူညီချက် လက်မှတ်ထိုးဖို့လည်း ယူကရိန်းဘက်က အသင့်ရှိတယ်လို့ ဖော်ပြပါတယ်။ ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ လွတ်လပ်ရေးကို ထိန်းသိမ်းဖို့ အမေရိကန်က ကူညီပေးခဲ့သမျှကိုလည်း တကယ်တန်ဖိုးထားတယ်လို့ ရေးထားပါတယ်။
ဇလန်းစကီးက “အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ စစ်မှန်တဲ့ မိတ်ဖက်ဆက်ဆံရေးကို ကျနော်တို့ လိုလားပါတယ်။ စီစဉ်ထားတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေအစား အိမ်ဖြူတော်မှာ ဖြစ်ပျက်ခဲ့တာတွေဟာ ဝမ်းနည်းစရာပါ။ ဒါပေမဲ့ ကျနော်တို့ဟာ ရှေ့ဆက်ဖို့ အင်အားကို ရှာဖွေရမယ်၊ အချင်းချင်း လေးစားရမယ်၊ အမေရိကန်၊ ဥရောပနဲ့ ကျနော်တို့ရဲ့ မိတ်ဖက်အားလုံးကို အမြဲလေးစားခဲ့သလိုပါပဲ၊ ပြီးတော့ ငြိမ်းချမ်းရေး ပိုနီးစပ်အောင် အတူတကွ အလုပ်လုပ်ကြရမယ်။ ယူကရိန်းကို ထောက်ခံကူညီနေတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။
အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ ထရမ့်ပ် မိန့်ခွန်းမပြောမီ နာရီပိုင်းအလိုမှာ ဒီလိုမျိုး လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ထရမ့်ပ်ဘက်က စိတ်တိုင်းကျအောင် တော်တော်ကြီးကို အလျှော့ပေး ထုတ်ပြန်ခဲ့တာ ဖြစ်ပေမဲ့ တောင်းပန်တယ်ဆိုတဲ့ စကားလုံးမျိုး ကိုတော့ ရှောင်ရှားခဲ့တာ တွေ့ရပါတယ်။ ဇလန်းစကီးဘက်က တောင်းပန်ရမယ်ဆိုတာက ထရမ့်ပ်ဘက်ကလူတွေ တောင်းဆိုတဲ့ အဓိကအချက်တခု ဖြစ်ပါတယ်။
အဲဒီနောက် နာရီပိုင်းအကြာမှာပဲ ကွန်ဂရက်လွှတ်တော်မှာ မိန့်ခွန်းပြောတဲ့ သမ္မတထရမ့်ပ်က ဇလန်းစကီးက ပေးပို့ခဲ့တယ်လို့ ဆိုတဲ့ စာတစောင်ထဲက ကောက်နုတ်ချက်ကို ဖတ်ပြပါတယ်။ ဒီစာထဲက အကြောင်းရာဟာ ဇလန်းစကီး ပို့စ်တင်ထားတာနဲ့ တူညီမှုရှိတာ တွေ့ရပါတယ်။
ဒေါ်နယ်ထရမ့်က “ဒီနေ့အစောပိုင်းမှာ ယူကရိန်းသမ္မတ (ဗိုလိုဒီမာ) ဇလန်းစကီးထံကနေ အရေးကြီးတဲ့ စာတစောင် ရပါတယ်။ အဲဒီစာမှာ ယူကရိန်းအနေနဲ့ ရေရှည်ငြိမ်းချမ်းရေးကို အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့ အဆင်သင့်ဖြစ်နေပြီ၊ ယူကရိန်းနိုင်ငံသားတွေလောက် ငြိမ်းချမ်းရေးကို လိုလားသူ မရှိဘူးလို့ ရေးထားပါတယ်။ ‘ကျနော့်အစိုးရအဖွဲ့ကရော ကျနော့်အနေနဲ့ပါ သမ္မတထရမ့်ပ်ရဲ့ ခိုင်မာတဲ့ ဦးဆောင်မှုအောက်မှာ ရေရှည်ငြိမ်းချမ်းရေးရရှိရေး အလုပ်လုပ်ဖို့ အသင့်ရှိပါတယ်။ ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ လွတ်လပ်ရေး ထိန်းသိမ်းနိုင်ဖို့ အမေရိကန်က ဘယ်လောက်များများ ကူညီခဲ့သလဲ ဆိုတဲ့အပေါ် ကျနော်တို့ အမှန်တကယ် တန်ဖိုးထားပါတယ်တဲ့။ သယံဇာတနဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်အတွက်လည်း လူကြီးမင်း အဆင်ပြေတဲ့အချိန် လက်မှတ်ထိုးဖို့ ယူကရိန်းဘက်က အသင့်ရှိပါတယ်’ တဲ့။ သူ ဒီစာကို ပေးပို့လာတာကို ကျုပ် တန်ဖိုးထားပါတယ်။ ခုနကမှ ဒီစာရတာပါ။ တချိန်တည်းမှာပဲ ကျုပ်တို့ဟာ ရုရှားနဲ့ အလေးအနက် ဆွေးနွေးထားသလို သူတို့ကလည်း ငြိမ်းချမ်းရေးအတွက် အသင့်ရှိတယ်လို့ ခိုင်ခိုင်မာမာ ပြသထားပါတယ်။ ဒါဟာ အင်မတန်ကို လှပတဲ့ ကိစ္စပဲ ဟုတ်တယ်မလား”လို့ ပြောပါတယ်။
ထရမ့်ပ်ဘက်ကလည်း ဒီလိုစာပို့တာကို တန်ဖိုးထားတယ်လို့ တုံ့ပြန်ခဲ့ပေမဲ့ စစ်ဘက်အကူအညီတွေ ပြန်ပေးမှာလား၊ သယံဇာတ သဘောတူစာချုပ် ချုပ်မှာလား ဆိုတာကိုတော့ အတိအကျ မပြောပါဘူး။ ရုရှားနဲ့ ညှိနှိုင်းမှုလည်း ပြေလည်နေတယ် ဆိုတာကိုပဲ ထည့်ပြောသွားခဲ့ပါတယ်။
စုပ်လည်းစူး စားလည်းရူးတဲ့ ရွေးချယ်မှုများ
အမေရိကန်ရဲ့ အထောက်အပံ့ မသေမချာဖြစ်လာချိန်မှာ ဇလန်းစကီးဟာ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ချရဖို့ ဖြစ်လာပါတယ်။ ယူကရိန်းရဲ့ အရင်မဟာမိတ်ဖြစ်ခဲ့တဲ့ အမေရိကန်အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟန်က ဇလန်းစကီးအနေနဲ့ “ရာထူးကနုတ်ထွက်ပြီး ကျနော်တို့ ဆက်ဆံနိုင်မယ့် တယောက်ယောက်ကို ပို့ပေးဖို့၊ သို့မဟုတ် သူကိုယ်တိုင် အပြောင်းအလဲလုပ်ဖို့ လိုအပ်တယ်” လို့ အကြံပြုခဲ့ပါတယ်။ နေတိုးအဖွဲ့ ဝင်ခွင့်ရမယ်ဆိုရင် ချက်ချင်းထွက်ပေးမယ်လို့ ဇလန်းစကီးက ပြောထားပေမဲ့ ဒီအတိုင်းတော့ ထွက်ပေးစရာ အကြောင်းမရှိသလို ထွက်ပေးရင်တောင် သူ ပြန်အရွေးခံဖို့ကို တားလို့မရဘူးလို့ ပြောထားပါတယ်။ ဒီအချိန်မှာ သူ့အနေနဲ့ စုပ်လည်းစူး စားလည်းရူးတဲ့ အဓိကရွေးချယ်စရာနှစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။
ပထမဆုံးရွေးချယ်စရာကတော့
ထရမ့်ပ်ကို တောင်းပန်ပြီး သူ့စည်းကမ်းချက်တွေအတိုင်း အပစ်အခတ်ရပ်စဲရေးကို လက်ခံဖို့ ဖြစ်ပါတယ်။ တချို့တွေကတော့ ဇလန်းစကီး အနေနဲ့ ထရမ့်ပ်ကို စကားလုံးသေချာရွေးပြီး တောင်းပန်ဖို့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို လက်ခံဖို့ကသာ တခုတည်းသော ရွေးချယ်စရာလို့ ဆိုကြပါတယ်။ မြေရှားနဲ့ အခြားသယံဇာတတွေ တူးဖော်ရေး သဘောတူညီချက်ကိုလည်း အမေရိကန်တောင်းသလိုသာ လက်မှတ်ထိုးပေးလိုက်ဖို့ပါ။ ဒါပေမဲ့ သုံးနှစ်ကျော် ခံချလာပြီးမှ နယ်မြေတွေ၊ အခွင့်အရေးတွေ စွန့်လွှတ်ရတဲ့ သဘောတူညီချက်မျိုးတော့ ယူကရိန်းဘက်က လက်ခံဖို့ ရှိမနေပါဘူး။ အမေရိကန်လိုချင်တာ ပေးရတဲ့အပြင် ရုရှားကိုပါ လက်နက်ချရတဲ့ အပစ်အခတ်ရပ်စဲရေးမျိုး၊ အညံ့ခံတဲ့ ငြိမ်းချမ်းရေးမျိုးကိုတော့ လိုလားမှာ မဟုတ်ပါဘူး။
ဇလန်းစကီးက “ရုရှားတွေဟာ ယူကရိန်းအပေါ် သူတို့ရဲ့ သဘောထားတွေ၊ တောင်းဆိုချက်တွေကို မပြောင်းလဲသေးပါဘူးလို့ ကျနော်တို့ သိထားပါတယ်။ သူတို့ဟာ ကျနော်တို့ တပ်မတော်အင်အား လျှော့ချဖို့၊ ကျနော်တို့နယ်မြေတွေကို ဥပဒေအရ စွန့်လွှတ်ဖို့ တောင်းဆိုလိမ့်မယ်။ ယူကရိန်းရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အားနည်းစေပြီး ယူကရိန်းကို နိုင်ငံရေးအရ သိသိသာသာ ပုံပျက်ပန်းပျက်ဖြစ်အောင် လုပ်ဆောင်ပါလိမ့်မယ်။ ကျနော် ပြောချင်တာက လက်တွေ့မှာ ကျနော်တို့ ယူကရိန်းသားအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရပ်တည်နေသရွေ့၊ ကျနော်တို့ ဒီမြေပေါ်မှာ ရှိနေသရွေ့၊ ဘယ်သူမှ ဒီကိစ္စမှာ အောင်မြင်မှာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဟာ ဂုဏ်သိက္ခာရှိရှိပဲ ဖြစ်ရပါလိမ့်မယ်” လို့ ပြောပါတယ်။
အဲဒီလိုဆိုရင် နောက်ထပ် ရွေးချယ်စရာကတော့ ဆက်လက်ကြံ့ကြံ့ခံပြီးတော့ ဥရောပအကူအညီပေါ် မှီခိုဖို့ ဖြစ်ပါတယ်။ ဥရောပမဟာမိတ်တွေက အကူအညီတွေ တိုးပေးမယ်လို့ ကတိပေးထားသလို ဥရောပကော်မရှင်ဥက္ကဋ္ဌ ကလည်း ယူရို ၈၀၀ ဘီလီယံ ကာကွယ်ရေးရန်ပုံငွေ ထူထောင်ဖို့ အဆိုပြုထားပါတယ်။ အဲဒီရန်ပုံငွေထဲက အချို့ဟာ ယူကရိန်းအတွက် ဖြစ်လာမှာပါ။ ယူကရိန်းဟာ လိုအပ်တဲ့လက်နက်တွေရဲ့ သုံးပုံတပုံလောက်ကို ကိုယ်တိုင်ထုတ်လုပ်နေပြီဖြစ်ပြီး ၅၀ ရာခိုင်နှုန်းအထိ ရောက်ရှိဖို့ ရည်မှန်းထားတယ်လို့ ယူကရိန်းဝန်ကြီးချုပ် ဒဲနစ်ရှမီဟယ်က ပြောထားပါတယ်။ ဒါပေမဲ့လည်း အမေရိကန်လက်နက်စနစ်တွေ၊ အထူးသဖြင့် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်တွေနဲ့ တာဝေးပစ် လက်နက်တွေကို တိုတောင်းတဲ့ကာလအတွင်း အစားထိုးလို့ မရပါဘူး။ အကယ်၍ အမေရိကန်အကူအညီ ဆက်လက်ဆိုင်းငံ့ခံရရင် ယူကရိန်းအနေနဲ့ လာမယ့်ခြောက်လအတွင်း အရေးပါတဲ့ ခဲယမ်းတွေ ပြတ်လပ်သွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားကြပါတယ်။
ဇလန်းစကီးက “အခုက ၂၀၂၂ ခုနှစ်နဲ့ မတူတော့ပါဘူး။ ကျနော်တို့ရဲ့ ခံနိုင်ရည်အားက ပိုအားကောင်းလာပြီ။ ကျနော်တို့မှာ ကာကွယ်ရေးနည်းလမ်းတွေ ရှိပါပြီ။ ဒါပေမဲ့ အမေရိကန်နဲ့ ပုံမှန်၊ မိတ်ဖက်အခြေခံတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားဖို့ဆိုတာ စစ်ပွဲ အမှန်တကယ် အဆုံးသတ်ဖို့အတွက် အရေးကြီးပါတယ်။ ကျနော်တို့ ဘယ်သူမှ အဆုံးမရှိတဲ့ စစ်ပွဲကို မလိုလားပါဘူး” လို့ ပြောပါတယ်။
အမေရိကန်နေရာ အစားထိုးနိုင်ပါ့မလား
စစ်ပွဲကြာလာတာနဲ့အမျှ ပိုထိခိုက်၊ ပိုကုန်ကျသလို အနာဂတ်က ပိုမရေမရာ ဖြစ်လာပါတယ်။ ယူကရိန်းက ကြံ့ကြံ့ခံနိုင်တယ်ဆိုပေမဲ့ သူတို့ပြည်သူတွေအတွက်ရော၊ မဟာမိတ်တွေပါ စစ်ပန်းလာကြပါပြီ။ အမေရိကန်နဲ့ ဥရောပလို နိုင်ငံတွေဟာ အကူအညီ ဘီလီယံနဲ့ချီပြီး ဆက်ထောက်ပံ့ကြမလား၊ ဒါမှမဟုတ် လူထုထင်မြင်ချက်တွေ ပြောင်းလဲသွားမလား ဆိုတာ စဉ်းစားစရာပါ။ ကမ္ဘာနဲ့ချီ ကြည့်ရင်လည်း ဒီစစ်ပွဲဟာ စွမ်းအင်စျေးနှုန်းကနေ စားနပ်ရိက္ခာဖူလုံရေး အထိ အရာအားလုံးကို သက်ရောက်မှုရှိပါတယ်။ နှစ်ကြာလာတာနဲ့အမျှ ငြိမ်းချမ်းရေးယူဖို့ ဖိအားတွေက ပိုများလာပါတယ်။
လက်ရှိမှာ ယူကရိန်းဟာ အကူအညီပေါ် အရမ်းမှီခိုနေရပါတယ်။ ဒါပေမဲ့ အမေရိကန်လို အဓိကနိုင်ငံတခုက အကူအညီကို လျှော့ချလိုက်ရင် ဒါမှမဟုတ် ရပ်တန့်လိုက်ရင်ရော ဘာဖြစ်မလဲ၊ အမေရိကန်နေရာ ဥရောပက တကယ်အစားထိုးနိုင်ပါ့မလားဆိုတာ သံသယရှိစရာ ကောင်းပါတယ်။ ဥရောပကိုယ်တိုင်ကလည်း အကူအညီတွေတိုးပေးဖို့ အသင့်ရှိပေမဲ့ အမေရိကန်နေရာကို လုံးလုံးလျားလျား အစားဝင်ဖို့ အသင့်မဖြစ်သေးပါဘူး။ ဗြိတိန်နဲ့ ပြင်သစ်လို နိုင်ငံတွေက တပ်ပေါင်းစုဖွဲ့ပြီး ယူကရိန်းငြိမ်းချမ်းရေးကို ကာကွယ်ဖို့ လိုလားနေကြပေမဲ့ တခြား နိုင်ငံကြီးငယ်တွေကတော့ အရမ်းအားတက်သရော မရှိတာလည်း တွေ့ရပါတယ်။ နောက်ဆုံးမှာ အမေရိကန် ဦးဆောင်မှုကို ပြန်မျှော်နေတဲ့ပုံစံ ဖြစ်နေပါတယ်။
ငြိမ်းချမ်းရေးသဘောတူညီမှု ရနိုင်သလား
ရေရှည်စစ်ပွဲ၊ ယိမ်းယိုင်လာတဲ့ ထောက်ပံ့မှု၊ စစ်ပွဲကျယ်ပြန့်လာမှု ဒါမှမဟုတ် ငြိမ်းချမ်းရေး သဘောတူညီချက် ဘယ်လမ်းပဲဖြစ်ဖြစ် စိန်ခေါ်မှုနဲ့ အကျိုးဆက်တွေဟာ ယူကရိန်းနယ်နိမိတ် အပြင်ဘက်ထိ ကျော်လွန်သက်ရောက်မှု ရှိနေမှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ယူကရိန်းမှာ ဘာတွေဖြစ်လာမလဲ ဆိုတာဟာ အဲဒီနိုင်ငံရဲ့ ကံကြမ္မာကိုသာ မကဘဲ ကမ္ဘာ့နိုင်ငံရေးကိုပါ ပုံဖော်သွားမှာ ဖြစ်ပါတယ်။ သမ္မတဇလန်းစကီးနဲ့ ယူကရိန်းပြည်သူတွေဟာ မယုံကြည်နိုင်လောက်အောင် စိတ်ဓာတ်ခိုင်မာမှုကို ပြသခဲ့ကြပါတယ်။ သူတို့ရဲ့တိုက်ပွဲဟာ နိုင်ငံတနိုင်ငံအကြောင်းထက် ပိုပါတယ်။ နယ်နိမိတ်တွေကို အင်အားသုံးပြီး ပြောင်းလဲလို့မရဘူး၊ ဒီမိုကရေစီစနစ်ကို အာဏာရှင်စနစ်က ချေမှုန်းလို့မရဘူးဆိုတဲ့ အခြေခံမူဝါဒတွေကို ကာကွယ်နေတာ ဖြစ်ပါတယ်။ အခုတော့ ဒါတွေ ပြောင်းလဲကုန်မလားဆိုတာ စိုးရိမ်တကြီး စောင့်ကြည့်နေကြရပါပြီ။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အဓိကမေးခွန်းကတော့ ငြိမ်းချမ်းရေးအတွက် ယူကရိန်းဟာ ဘာကို စွန့်လွှတ်ရမလဲ ဆိုတာ ဖြစ်ပါတယ်။ ရုရှားသိမ်းထားတဲ့ နယ်မြေတွေ ပေးလိုက်ရမှာလား။ နေတိုးအဖွဲ့ဝင်ဖြစ်ခွင့် မရှိတော့ဘူးလား။ ရုရှားကို မြေပေး၊ အမေရိကန်ကို မြေရှားပေးပြီးတော့ ဘာတွေရော ကျန်ဦးမှာလဲဆိုတာ ပြန်မေးကြရမှာပါ။ ယူကရိန်း အညံ့ခံလိုက်ရရင် ကျူးကျော်မှုဟာ အလုပ်ဖြစ်တယ်ဆိုတဲ့ သတင်းစကား အတည်ဖြစ်သွားနိုင်ပါတယ်။ အိမ်နီးချင်းနိုင်ငံငယ်လေးတခုဟာ အင်အားကြီးနိုင်ငံကြီးရဲ့ မူဝါဒနဲ့ သွေဖည်လာရင်၊ ရပ်တည်မှုနဲ့ ဆန့်ကျင်ဘက်ဖြစ်လာရင် ဝင်သိမ်းလိုက်လို့ရတယ် ဆိုတဲ့ အယူ အဆမျိုး ထွန်းကားသွားမှာ စိုးရိမ်စရာဖြစ်ပါတယ်။
DVB ပရိသတ်တွေရော ဘယ်လိုယူဆပါသလဲ။ ကမ္ဘာကြီးက ယူကရိန်းကို ဆက်လက်ထောက်ပံ့သင့်ပါသလား။ အကယ်၍ သင်သာ ဇလန်းစကီးရဲ့ အကြံပေးပုဂ္ဂိုလ် ဖြစ်ခဲ့ရင်ရော ဘယ်လိုအကြံပေးမလဲ။ အဆုံးထိတိုက်မှာလား၊ အလျှော့ပေးပြီး ငြိမ်းချမ်းရေး ယူမှာလား။ DVB Facebook ရဲ့ comment မှာ မှတ်ချက်ပေးခဲ့နိုင်ပါတယ်။
စိုင်းခေတ်နွေ