
စစ်အုပ်စုက ဖေဖော်ဝါရီလအတွင်း လေကြောင်းတိုက်ခိုက်မှုကို ပိုမိုပြုလုပ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အမျိုးသမီး ၆၆ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီအနေနဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးကို ကျူးလွန်နေတာကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ အမျိုးသမီး ၆၆ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၆၈ ဦးက ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မတ် ၆ ရက်နေ့ ဒီကနေ့မှာ ထုတ်ပြန်လိုက်တာပါ။
မြန်မာအမျိုးသမီးသမဂ္ဂအနေနဲ့ သတင်းမီဒီယာတွေက အချက်အလက်တွေကို စောင့်ကြည့်လေ့လာမှုအရ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄၅ ဦး၊ ကျေးရွာတွေနဲ့ နေအိမ်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ၁၁ ဦး၊ မီးရှို့သတ်ဖြတ်မှုကြောင့် ၂ ဦး၊ အကျဉ်းထောင်အတွင်း ဆေးကုသခံယူမှု မရရှိခြင်းကြောင့် ၁ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၇ ဦးတို့ သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။
ဖေဖော်ဝါရီလအတွင်း အသက်ဆုံးရှုံးခဲ့တဲ့ အမျိုးသမီးတွေကတော့ စစ်ကိုင်းတိုင်းဒေသကြီးက ၂၁ ဦးနဲ့ အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်က ၉ ဦး၊ မကွေးတိုင်းက ၉ ဦးနဲ့ မန္တလေးတိုင်းက ၈ ဦးတို့ပဲ ဖြစ်ပါတယ်။