
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့လူငယ်တယောက်ကို သေနတ်နဲ့ပစ်သတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
သေဆုံးသွားတဲ့ လူငယ်အမျိုးသားဟာ လေးမျက်နှာမြို့နယ်၊ အမှတ် ၁ ရပ်ကွက်ကဖြစ်ပြီး မတ် ၂ ရက် ည ၁၀ နာရီဝန်းကျင်လောက်က လမ်းမပေါ်မှာ ဆိုင်ကယ်မောင်းလာချိန် စစ်ကောင်စီလက်အောက်ခံ လေးမျက်နှာမြို့မရဲစခန်းက ရဲတွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး နောက်တနေ့ မတ် ၃ ရက် မနက်ပိုင်းမှာ အလောင်းလာထုတ်ဖို့ မိသားစုကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
ရဲစခန်းနဲ့ နီးစပ်သူက “ညအချိန် အပြင်ထွက်ပြီး အကြမ်းဖက်အဖွဲ့တွေနဲ့ အဆက်အသွယ် သွားလုပ်တာဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းခဲ့တာ။ မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက အဲ့လူငယ်ကို ဖမ်းဆီးခဲ့တာ။ အဖမ်းခံရပြီး နောက်နေ့ သေဆုံးသွားတာ။ သေနတ် မတော်တဆ ထိမှန်သေတာဆိုပြီး ရဲစခန်းက ပြောတာ” လို့ ပြောပါတယ်။
အဲဒီ သတ်ဖြတ်ခံရတဲ့လူငယ်ဟာ အသက် ၂၄ နှစ်ကျော်အရွယ်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၄ ယောက်လောက်က ရိုက်နှက်ပြီးနောက် သေနတ်နဲ့ပစ်ခတ်လို့ လူငယ်ဟာ နားထင်ပွင့်ထွက် ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ မျက်မြင်တွေ့ရှိသူက ဆိုပါတယ်။
ဒါ့အပြင် ဒီလူငယ်ကို ဖမ်းဆီးပစ်ခတ်သတ်ခဲ့မှုမှာ ပါဝင်တယ်လို့ ယူဆရတဲ့ ရဲတပ်ဖွဲ့ဝင် ၄ ယောက်ကို မတ် ၃ ရက် ညပိုင်းမှာ ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ တတိယအပတ်က ရေကြည်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက PDF တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးခဲ့တဲ့ အရပ်သား ၂ ယောက်ကိုလည်း ရဲတွေက ရိုက်နှက်စစ်ဆေးပြီးနောက် သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။