
တော်လှန်ရေးအတွင်းမှ မြန်မာအမျိုးသမီးများ၏ အသံများ စာအုပ်မိတ်ဆက်ပွဲကို ဩစတြေးလျနိုင်ငံ မဲဘုန်းမြို့က Trades Hall Council မှာ မတ်လ ၄ ရက် ညနေပိုင်း ပြုလုပ်ခဲ့ပါတယ်။
ဒီအခမ်းအနားကို APHEDA Union Aid Abroad နဲ့ MEAA တို့က ကြီးမှူး စီစဉ်တာဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ခုခံတော်လှန်ကြတဲ့ မြန်မာအမျိုးသမီးတွေရဲ့ အတွေ့အကြုံတွေ၊ အခက်အခဲကြားက ရုန်းကန်နေရမှုတွေနဲ့ အမျိုးသမီးတွေရဲ့ အတွေးအမြင်တွေကို ရေးသားထားကြပါတယ်။
မြန်မာနဲ့ အင်္ဂလိပ် ၂ ဘာသာ ရေးသားထားပြီး မြန်မာဘာသာကို သနပ်ခါးအသင်းက တည်းဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
လူ့အခွင့်အရေးနဲ့ မြန်မာအရေး တက်ကြွလှုပ်ရှားသူ ဒက်ဘီစတော့ဟတ်ကလည်း အခမ်းအနားအတွင်းမှာ လက်ရှိ မြန်မာနယ်ပယ်အသီးသီးက အမျိုးသမီးတွေ တော်လှန်ရေးကာလအတွင်း ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အမျိုးသမီးရဲ့ အခန်းကဏ္ဍကို ဆွေးနွေးရှင်းပြခဲ့ကြပြီး အားပေးရပ်တည်ကြဖို့ကိုလည်း လှုံ့ဆော်ခဲ့ပါတယ်။
အခမ်းအနားကို ဩစတြေးလျနိုင်ငံ မဲဘုန်းမြို့က သမဂ္ဂအသင်းအဖွဲ့တွေနဲ့ မြန်မာ့အရေး စိတ်ဝင်စားသူတွေ လာရောက်မေးမြန်း ဆွေးနွေးခဲ့ကြပါတယ်။
စာအုပ်မှာ ပါဝင်ရေးသားခဲ့ကြတဲ့ အမျိုးသမီး အများစုမှာ ALTSEAN-Burma က နေရာလေးခုမှာ ပြုလုပ်ခဲ့တဲ့ အမျိုးသမီးစာရေးဆရာများ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြပြီးနောက် ပထမဆုံးအကြိမ် ရေးသားကြသူတွေလည်း ဖြစ်ပါတယ်။