
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်ထဲက ကျေးရွာနဲ့ ရပ်ကွက်တွေကနေ စစ်မှုထမ်းဆောင်ဖို့ အိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးခံရသူ ၇ ဦးထဲက ၁ ဦးဟာ မတ် ၃ ရက်နေ့က ပြန်လည်လွတ်လာမြောက်လာတယ်လို့ ပြန်လည်လွတ်မြောက်လာသူနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
မတ် ၂ ရက်နေ့ ည ၉ နာရီလောက်က စစ်မှုထမ်းဆောင်ဖို့ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေထဲက အောင်ဆန်းရပ်ကွက်က လူငယ်တယောက်အတွက် ကျပ်ငွေ သိန်း ၁၀၀ နဲ့ ပြန်လည်ရွေးထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဧည့်စာရင်းအကြောင်းပြပြီး လူငယ် ၇ ဦးကို နေအိမ်တွေအထဲအထိ စစ်မှုထမ်းဆောင်ဖို့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူတွေ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က “ဖမ်းဆီးခဲ့တဲ့ ၇ ယောက်ကို ၁ ယောက် ကျပ်သိန်း ၁၀၀နဲ့ ပြန်လာရွေးခိုင်တာ ၁ ယောက်ကိုတော့ ကျပ်သိန်း ၁၀၀ နဲ့ လာရွေးသွားတယ်။ ကျန် ၆ ယောက်ကတော့ သူတို့ရဲ့မိသားစုတွေ အစဉ်မပြေလို့ သိန်း ၈၀ ပေးပြီး လာရွေးခိုင်းထားတာ ဒီကနေ့အထိတော့ လာမရွေးသေးဘူး” လို့ DVB ကိုပြောပါတယ်။
စစ်မှုထမ်းဆောင်ဖို့ ဖမ်းဆီးမှုတွေကို ကျုံပျော်မြို့ပေါ်ကို အဓိက ထားတာမဟုတ်ဘဲ ကျေးရွာဘက်ကို ဦးစားပေး ခေါ်ယူတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေကို အိမ်က ပြန်လိုက်ရွေးလို့ ရတဲ့ငွေတွေကို ရဲတွေက တပြားတကျပ်မှမရဘဲ အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခွဲယူကြတာလို့ ဆိုပါတယ်။
ဖေဖော်ဝါရ ၁ လတာအတွင်း စစ်မှုထမ်းဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ကျေးရွာအုပ်ချုပ်ရေးမှုးတွေ ပူးပေါင်းပြီး သရက်ကုန်းရွာ၊ သောင်ကြီးရွာ၊ သရက်ရိုးရွာ၊ ခဲပေါင်းရွာ၊ သရက်သုံးပင်ရွာ၊ ရေစခန်းရွာ၊ ငါးပုတ်ရွှေရွာနဲ့ အင်္ဂလာရွာက လူငယ် ၁၀၀ ကျော်ဟာ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။