
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီအစပ်မှာရှိတဲ့ မိုးဗြဲမြို့အနီးနားမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ဖေဖော်ဝါရီ ၂၇ ရက်က ပြောပါတယ်။
စစ်ကောင်စီတပ်က မိုးဗြဲကို ရချင်တဲ့အတွက် မြေပြင်စစ်ကြောင်းအပြင် ဒရုန်းအသုံးပြုဗုံးကြဲတာ၊ လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလုပ်နေတယ်လို့ ဒေသခံ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
"ဒရုန်းသုံးပြီးဗုံးကြဲတာက ထုံးစံလိုဖြစ်နေပြီ။ တိုက်ပွဲလည်းပြင်းထန်နေတယ်။”
မိုးဗြဲက စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစု နှစ်ဘက်လုံးအတွက် စစ်ရေးအရ အရေးပါတာကြောင့် ၂၀၂၄ နိုဝင်ဘာလကစပြီး ဒီနေ့အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ပြည်သူ့နေအိမ်တွေကိုလည်း မီးလောင်ဗုံးတွေ ကြဲချတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
IEC အတွင်းရေးမှူး ဦးဗညားက "တလောက မီးလောင်ဗုံးတွေသုံးတာကိုလည်း တွေ့ရတာပေါ့။ ငြှိမ်းတဲ့အချိန်မှာ သိသာတာပေါ့နော်၊ အုတ်တွေဘာတွေထိရင် မီးငြှိမ်းလို့မရဘူး။ တချို့ရက်တွေမှာ မီးလောင်ဗုံးသုံးပြီး ပစ်ခတ်တာတွေရှိပါတယ်"လို့ ပြောပါတယ်။
ဒါ့အပြင် အဆိပ်ငွေ့တွေလည်းသုံးနေပြီး စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလ အတွင်း နေအိမ် အလုံး ၃၀ ထက်မနည်း မီးလောင်ပျက်စီးရပြီး တိုက်ပွဲလည်းပြင်းထန်နေကာ နှစ်ဖက်အထိအခိုက်ရှိတယ်လို့ သိရပါတယ်။
မိုးဗြဲမှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဥပဒေနဲ့ပေါ်တာဆွဲလာတဲ့ ပြည်သူ့စစ်တွေကိုလည်း အသုံးပြုပြီး စစ်ကြောင်းထိုးနေတဲ့အတွက် စစ်မှုမထမ်းလိုတဲ့ တပ်သားတွေက တော်လှန်ရေးအင်အားစုတွေဆီ ဘက်ပြောင်းခိုလှုံနေကြပါတယ်။