
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားအရေးကို ၁၀ နှစ်ကျော် ကူညီဆောင်ရွက် ပေးနေတဲ့ “လက်တွဲကူညီ AAC မဟာမိတ်” အဖွဲ့ရဲ့ အလုပ်သမားများကယ်ဆယ်ရေးဂေဟာကို ဖေဖော်ဝါရီ ၂၀ ရက်မှာ ထိုင်းအာဏာပိုင်တွေက ဖျက်သိမ်းဖို့ ချိပ်ပိတ်စာလာကပ်ခဲ့ပါတယ်။
ချိပ်ပိတ်ထားတဲ့ ဂေဟာကို ဆက်အသုံးပြုမယ်ဆိုရင် ၃ လထက်မပိုတဲ့ ထောင်ဒဏ် ( သို့မဟုတ်) ဘတ်ငွေ ၆၀၀၀၀ ထက်မပိုတဲ့ ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပြီး ပြစ်ဒဏ် ၂ မျိုးလုံးလည်း ချမှတ်ခံရနိုင်တယ်လို့ ပါရှိပါတယ်။
အလုပ်သမားများယာယီကယ်ဆယ်ရေးစခန်းကို ဥပဒေနဲ့ မညီဘဲ ဆက်လက်အသုံးပြုနေရင် တရက်ကို ဘတ် ၁၀၀၀၀ ထက်မပိုတဲ့ ဒဏ်ငွေပေးဆောင်ရမယ်လို့ ဆိုပါတယ်။
AAC မဟာမိတ်အဖွဲ့ ရုံးခန်းကို ဖေဖော်ဝါရီ ၁၈ ရက် မနက်က ထိုင်းအာဏာပိုင်တွေ လာရောက်စစ်ဆေးပြီး ရုံးမှာရှိတဲ့သူတွေကို ဒဏ်တပ်ကာ ရုံးကိုလည်း ပိတ်သိမ်းဖို့ ပြောခဲ့ပါတယ်။
AAC မဟာမိတ်အဖွဲ့အနေနဲ့ အခက်အခဲတွေကြားကနေ အလုပ်သမားအရေးကို ၁၀ နှစ်ကျော် ကူညီဆောင်ရွက်ခဲ့ကြောင်း အရင်ကလည်း ထိုင်းတာဝန်ရှိသူတွေ လာရောက်စစ်ဆေးပြီး ရုံးခန်း ပိတ်သိမ်းခိုင်းတာရှိပေမဲ့ ညှိနှိုင်းပြီးနားလည်မှုနဲ့ ပြန်ဖွင့်ခဲ့ကြောင်း ဥပဒေအရ ရုံးဖွင့် ထားတာဟာ တရားမဝင်ဖြစ်ပေမဲ့ လူ့အခွင့်အရေးရှုထောင့် အရဆိုရင် ရုံးကို ဖွင့်လှစ်ခွင့် ပြုသင့်တယ်လို့ AAC မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက DVB ကို ပြောပါတယ်။