
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျွန်းကြီးရွာကို စစ်တပ်က ဖေဖော်ဝါရီ ၁၉ ရက် မနက် ၉ နာရီကျော်က စတင်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် အရပ်သား သေဆုံးထိခိုက်တာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါပစ်ခတ်မှုကို ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးသွား ကားလမ်းမပေါ်မှာ အထိုင်ချထားတဲ့ မြပုလဲဂိတ်ကနေ ပစ်ခတ်တာဖြစ်တယ်လို့လည်း သိရပါတယ်။
ကျွန်းရွာနေ ပြည်သူတယောက်က “မနက် ၉ နာရီ ၄၅ မိနစ်က ပထမဆုံး လက်နက်ကြီးနဲ့ ကျနော်တို့ ကျွန်းကြီးရွာကို စစ်တပ်က ပစ်ခတ်တယ်ဗျ။ အဲဒါက ရွာဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းအနီးကို ကျတယ်။ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းက စစ်ဘေးရှောင်တွေ နေကြတာပါ။ လက်နက်ကြီးကျတော့ စစ်ဘေးရှောင်တွေ ကျည်စထိမှန်သေဆုံးတာတွေ ရှိတာပေါ့ဗျာ။ အသက် ၅ နှစ်အရွယ် ကလေးငယ်တဦးနဲ့ အသက် ၆၀ ကျော် အဘွားအိုတဦး နေရာမှာတင် သေဆုံးတယ်။ ထိခိုက်ဒဏ်ရာ ရသူတွေလည်း အများအပြား ရှိတယ်။ နေ့ခင်း ၁ နာရီဝန်းကျင်မှာ နောက်ထပ် လက်နက်ကြီး ၃ လုံး ထပ်ပစ်တယ်။ ရွာအနောက်ပိုင်း ဘုရားအနီး ရွာဝင်ကို ကျတာဗျ။ အဲဒါကတော့ အထိအခိုက် မသိရသေးဘူး။ နောက်ထပ် ညနေခင်းမှာလည်း လက်နက်ကြီး ၃ လုံး ကျတယ်။ အဲဒါက ကျနော်တို့ရွာရဲ့ အရှေ့တောင်ဘက်ကို ကျတယ်။ ပြည်သူထိခိုက်မှုကိုတော့ ဘာမှမသိရသေးဘူး” လို့ ပြောပါတယ်။
ကျွန်းကြီးရွာဟာ မုံရွာမြို့ရဲ့တောင်ဘက် ချင်းတွင်းမြစ်ကမ်းအနီးမှာရှိတဲ့ အိမ်ခြေ ၈၀၀ နီးပါးရှိပြီး နတ်ကြီးကျွန်း၊ ဆူလေကုန်း စတဲ့ကျေးရွာတွေနဲ့လည်း ထိစပ်တဲ့ကျေးရွာ ဖြစ်တယ်လို့ သိရပါတယ်။
ချောင်းဦးမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာနေ ပြည်သူတယောက်က “သူတို့ကတော့ နေ့စဉ် မရိုးရအောင် ပြည်သူတွေနေတဲ့ ကျေးရွာတွေဆီကို နေ့တိုင်းလိုလို ပစ်နေတာပဲ။ သူတို့ပစ်ခတ်လို့ ကျနော်တို့ မုံရွာတောင်ခြမ်း မြစ်ကမ်းဘေးရွာတွေနဲ့ ချောင်းဦးမြို့နယ်က မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ နေရပ်စွန့်ခွာနေကြရတယ်။ စစ်တပ်အနေနဲ့ အရပ်သားနဲ့ PDF ကို ခွဲခွဲခြားခြားလုပ်ပြီးမှ ပစ်ခတ်မှုကို လုပ်စေချင်ပါတယ်။ အခုဟာက ပြည်သူသေဆုံးနစ်နာမှုတွေ အရမ်းများနေကြရပါပြီ” လို့ ပြောပါတယ်။
မုံရွာမြို့နယ်အစပ် ချောင်းဦးမြို့နယ်အတွင်းက ကျီကုန်းအရှေ့ရွာကို ဖေဖော်ဝါရီ ၁၈ ရက် ညနေကလည်း အခုလို မြပုလဲဂိတ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပြည်သူ ၂ ယောက် သေဆုံးခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ ၅ နှစ်အရွယ် ကလေးငယ်တယောက် ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ သိရပါတယ်။