စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲ မုဋ္ဌောအရှေ့ကျေးရွာအနီးရှိ ချင်းတွင်းမြစ်ကူး လက်ပံပင်ကူးတို့ ဆိပ်ကမ်းကို ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ် ၂ နာရီလောက်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုန်းကြီး တပါးအပါအဝင် ပြည်သူ ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရသွားပါတယ်။
ဒါ့အပြင် ပြည်သူပိုင် မော်တော်ယာဥ်တွေနဲ့ ဆိုင်ကယ်တွေ အများအပြားလည်း မီးလောင် ပျက်စီးသွားတယ်လို့ စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူ တယောက်က ပြောပါတယ်။
“ပထမတကြိမ်က ပေါင် ၅၀၀ ဗုံးချသွားတယ်။ ဒုတိယတကြိမ်က ဒုံးကျည်တွေနဲ့ပါ ပစ်သွားတာပါ။ ကျနော်တို့ ရထားတဲ့ သတင်းတွေအရကတော့ အသက် ၃၀ လောက်ရှိတဲ့ ဦးပဥ္စင်းတပါးနဲ့ ပြည်သူထဲက အမျိုးသားနဲ့ အမျိုးသမီး ၂ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရကြတယ်။ အဲဒီထက်လည်း ပိုနိုင်တယ်နော်။ ဒဏ်ရာရသူတွေကတော့ မစိုးရိမ်ရဘူးလို့တော့ သိထားရတယ်။ ဗုံးက စက်သုံးဆီပေပါတွေ တင်ထားတဲ့ ကား ၂ စီးနား ကျတာဆိုတော့ အဲ့ဒီ ဆီပေပါတွေကွဲကုန်ပြီး ကားတွေရော ဆိုင်ကယ် ၁၅ စီးလောက်ရော မီးလောင်ပျက်စီးကုန်တယ်။”
ဆီတင် ဆီချ လုပ်ကိုင်နေတဲ့ အလုပ်သမားတယောက်ကလည်း “နတ်ကြီးဘက်ကမ်းလည်း ကြဲတယ်၊ အဲဒီအလုံးကတော့ ချင်းတွင်းမြစ်ထဲ ကျတယ်ဗျ။ နောက်ထပ်ကတော့ မုဋ္ဌောရွာအရှေ့ရွာရဲ့ အရှေ့ဘက် လက်ပံပင်ကူးတို့ဆိပ်ကမ်းမှာ ဒီဇယ်ဆီ အတင်အချလုပ်နေရာကို ၃ လုံး ပစ်ချတာ။ တလုံးကတော့ ဒီဇယ်ပီပါတွေ အပြည့်တင်ထားတဲ့ ကားပေါ်ကို ကျပြီး ပေါက်ကွဲတာ။ အဲဒါကနေ မီးစွဲလောင်နေပါတယ်ဗျ။ နောက်ထပ် ကားတစီးလည်း မီးလောင်တယ်ဗျ။ စုစုပေါင်း ကား ၂ စီး မီးလောင်ပျက်စီးတယ်။ အရပ်သား ကားသမားတဦးလည်း ကျည်စထိမှန်တယ်။ ဒဏ်ရာကတော့ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲမဖြစ်ဘဲ ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ အဆိုပါ ချင်းတွင်းမြစ်ကူး လက်ပံပင် ကူးတို့ဆိပ်ကမ်းကို ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံက “ဒီနယ်ဘက်မှာ သူတို့နဲ့ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲမဖြစ်တာကြာပြီ။ ဒါပေမဲ့လည်း စစ်တပ်ဘက်က ဒီဘက်နယ်ထဲကို တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေကတော့ တောက် လျောက်လုပ်ပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာ တွေ့နေရတယ်။ ညနေ ၅ နာရီကျော် လောက်ကလည်း ဒီဘက် ကနီမြို့နယ်ထဲက ကနဲ-ဘုတလင်လမ်းပိုင်းပေါ်ကို လေကြောင်း တိုက်ခိုက်တာ လုပ်သွားသေးတယ်”လို့ ပြောပါတယ်။
နောက်ထပ် ဒေသကာကွယ်ရေး အဖွဲ့ဝင်တယောက်ကလည်း “ကျနော်တို့ ကနီမြို့နယ်မှာ တိုက်ပွဲမဖြစ်တာ ၂ နှစ်ကျော်တောင် ရှိနေပြီဗျ။ အခုဟာက ဘာသတင်းရလို့ လာပြီးဗုံးကြဲတာလဲ မသိဘူး။ စက်လတ်နဲ့လည်း ပစ်တယ်။ ဗုံးကြဲတာက ပေါင် ၅၀၀ ဗုံးလို့လည်း ပြောတယ်။ Rocket လို့လည်း ပြောတယ်ဗျ။ ပစ်တာကတော့ ၃ လုံး ပစ်တာပါ” လို့ ပြောပါတယ်။
ချင်းတွင်းမြစ်ကမ်းဘေးမှာ တည်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ ကနီမြို့နယ်ထဲကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျေးရွာတွေကထောင်ချီတဲ့ ဒေသခံ ပြည်သူတွေဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကနီမြို့နယ်၊ သတင်းနဲ့ ပြန်ကြားရေးအဖွဲ့ဆီကနေ သိရပါတယ်။
အခု လေယာဉ်နဲ့ ဗုံးကြဲချတဲ့နေရာကို စစ်တပ်က နောက်ထပ် ပစ်ခတ်ဖို့ လေယာဉ်တက်လာနေတယ် ဆိုတဲ့သတင်းတွေ ဒေသတွင်းမှာ ထွက်ပေါ်နေတာကြောင့် မုဌောတောင်ရွာ၊ မုဌောမြောက်ရွာ၊ နတ်ကြီးရွာက ပြည်သူတွေ နေရပ်စွန့်ခွာနေရပါတယ်။
နတ်ကြီးရွာနဲ့ မုဋ္ဌောရွာကို စစ်တပ်က ဖေဖော်ဝါရီ ၁၂ ရက်ကလည်း တကြိမ် အခုလို လေယာဉ်နဲ့ ပစ်ခတ်လို့ အရပ်သား ၃ ယောက် ကျည်စထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၇ ရက်ကလည်း ကနီမြို့နယ်ထဲ ဆူးလေကုန်းကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့လို့ အမျိုးသား တယောက်သေဆုံးခဲ့ကာ တယောက် ဒဏ်ရာရရှိခဲ့သလို ဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့သေးပါတယ်။