Home
မြန်မာသတင်း
မန္တလေးတိုင်း၌ စစ်ရေးအရှိန်ပြင်းထန်နေပြီး စစ်တပ်ပစ်ခတ်ဗုံးကြဲမှုများကြောင့် ရဟန်းရှင်လူများ ထိခိုက်သေဆုံး   
DVB
·
February 7, 2025
Photo-ငါန်းဇွန် ပအဖ အဖွဲ့ဝင်တဦး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ထဲက ကန်သာကျေးရွာကို ဖေဖော်ဝါရီ ၆ ရက် မနက် ၂ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီး (Paramotor) အသုံးပြု ဗုံးကြဲချခဲ့တာကြောင့် သံဃာတော်တပါး ပျံလွန်တော်မူပြီး အမျိုးသားတယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ဘုန်းကြီးကျောင်းဆောင်တွေလည်း ပျက်စီးသွားပါတယ်။

ငါန်းဇွန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ​ပြောရေးဆိုခွင့်ရှိသူတယောက်က “စစ်တပ်က ပြည်သူတွေ အိပ်မောကျနေတဲ့အချိန်ကို တမင်ရွေးပြီး ဗုံးကြဲခဲ့တာဖြစ်တယ်။ စက်တပ်လေထီး  တစင်းတည်းရယ်။ ၂ ကြိမ်ကို ဗုံး ၄ လုံးကြဲတာ၊ ၂ လုံးက ဘုန်းကြီးကျောင်းဝင်းထဲ ကျတာဗျ။ ၂ လုံးက ရွာပြင်ကျတယ်။ ဘုန်းကြီးကျောင်းက ကျောင်းဆောင်တချို့ ပျက်စီးသွားပြီးတော့ အဲဒီကျောင်းက ဘုန်းကြီးတပါး ပျံတော်မူသွားတယ်။ ကျောင်းနားအိမ်က အမျိုးသားတယောက် ကတော့ ဒဏ်ရာရတယ်။ သူကတော့ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။

ငါန်းဇွန်မြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ​မကြာခဏ ပြုလုပ်နေတာဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဩဂုတ်လကနေ  ၂၀၂၅ ဇန်နဝါရီအထိ ၅ လကျော်အတွင်း ငါန်းဇွန်မြို့နယ်ထဲက သံဃာတော်တွေ၊ ကလေးသူငယ်တွေ အပါအဝင် တော်လှန်ရေးရဲဘော်တွေနဲ့ ဒေသခံပြည်သူ ၃၀ နီးပါး သေဆုံးခဲ့ပါတယ်။

ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ငါန်းဇွန် ပကဖ) ရဲ့ ဘဏ္ဍာရှာဖွေရေးတာဝန်ခံ ကိုဟရုနာကာဂျီမာက “တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ဒီအတိုင်းပဲ ဗုံးလာချသွားတာပါ။ စစ်တပ်က ငါန်းဇွန်အနောက်ခြမ်းက ရွာတွေကို ခဏခဏ လေကြောင်းတိုက်ခိုက်လို့ ရွာခံပြည်သူတွေလည်း ရွာတွေထဲမှာ မနေရဲကြတာ ကြာပြီ။ ငါန်းဇွန်အနောက်ခြမ်းမှာ ရွာတွေကများတယ်။ စစ်ရှောင်တွေလည်း ထောင်ချီတာပေါ့။ ပြေးနေကြရတာလည်း နှစ်ပေါက်ပြီဗျ” လို့ ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက်လည်း ဆေးဝါးနဲ့ ရိက္ခာတွေအပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဖေဖော်ဝါရီ ၆ ရက် မနက် ၉ နာရီဝန်းကျင်မှာ ငါန်းဇွန်မြို့နယ်ထဲက ငါန်းမြှာကြီးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်သားတယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ များပြားခဲ့တယ်လို့လည်း မြင်းခြံခရိုင်တပ်ရင်း ၇ (Zero‌ ပြောက်ကျားတပ်ဖွဲ့) ဆီကနေ သိရပါတယ်။

တောင်သာမြို့နယ်မှာလည်း ဖေဖော်ဝါရီ ၆ ရက် ညနေ ၄ နာရီဝန်းကျင်က စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူက “တောင်သာမြို့နယ်ထဲက ညောင်ချောင်းရွာကို စစ်တပ်ရဲ့ ဂျက်ဖိုက်တာလေယာဥ်က ဗုံး ၂ လုံး ကြဲချသွားခဲ့တာပါ” လို့ ပြောပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ညောင်ချောင်းကျေးရွာထဲက လူနေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူတွေကတော့ ထိခိုက်ဒဏ်ရာရတဲ့သူ မရှိဘူးလို့ ဆိုပါတယ်။

တောင်သာ ပကဖ တာဝန်ခံ ကိုကြည်စတားက “အခုရက်ပိုင်း တောင်သာ-နွားထိုးကြီး-မလှိုင် အစပ်ကို စကစ က မြေပြင်စစ်ကြောင်းနဲ့ ဝေဟင် ပူးပေါင်းစစ်ဆင်ရေး ဆောက်ရွက်နိုင်​တယ်လို့ တပ်တွင်းသတင်းတွေ ရရှိထားပါတယ်။ ပြည်သူတွေရော PDF တွေပါ အသွားအလာ ဆင်ခြင်ကြပါ။ အခု ညောင်ချောင်းရွာထဲကို ဂျက်ဖိုက်တာနဲ့ ကြဲသွားတာကလည်း တိုက်ပွဲဖြစ်တာတွေ ဘာတွေ ရှိလို့မဟုတ်ပါဘူး။ သက်သက်မဲ့ ကြဲသွားတာပါ။ အိမ် ၂ လုံး ပျက်စီးသွားပေမဲ့ ကံကောင်းလို့ လူတွေအပြေးမြန်ကြတာနဲ့ ထိခိုက်ခဲ့သူတော့ မရှိဘူးဗျ” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေပိုင်းကလည်း တောင်သာမြို့နယ်ထဲက ရုံးစည်ကြီးကျေးရွာနဲ့ ရွာသစ်ကျေးရွာတွေကို စစ်ကောင်စီတပ်က မြေပြင်နဲ့ဝေဟင်ပူးပေါင်းတိုက်ခိုက်ခဲ့လို့ ရဟန်း ၁ ပါး အပါအဝင် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြသလို ဘုန်းကြီးကျောင်းနဲ့ လူနေအိမ် ၅ လုံးထက်မနည်းလည်း ထိခိုက်ပျက်စီးသွားခဲ့ရပါသေးတယ်။

လူထုလှုပ်ရှားမှုကော်မတီ တောင်သာရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “ရုံးစည်ကြီးရွာထဲကို လေ​ယာဥ်နဲ့ ဗုံးကြဲတယ်။ ရွာသစ်ရွာထဲကိုတော့ လေယာဥ်ပေါ်ကနေပဲ ရော့ကက်တွေနဲ့ပစ်တယ်။ ရွာ ၂ ရွာလုံးက တောင်သာမြို့နယ်ထဲကပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ရုံးစည်ကြီးရွာထဲကို လေ​ယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ရုံးစည်ကြီးရွာ ဘုန်းကြီးကျောင်းဝိုင်းအတွင်း ကျရောက်ခဲ့ပြီး ၂ ထပ်ကျောင်းဆောင်တဆောင်နဲ့ ဘုန်းကြီးကျောင်းကား ၂ စီး ပျက်စီးခဲ့သလို ကျေးရွာအတွင်းက ဝေကြီး ကုန်စုံဆိုင်ကိုလည်း ဗုံးထိမှန်ပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

လေယာဥ်ပေါ်ကနေ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခံရတဲ့ ရွာသစ်ကျေးရွာကတော့ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့သလို ဆရာတော်တပါးနဲ့ အမျိုးသားတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့​ကြတယ်လို့ ဆိုပါတယ်။

တောင်သာမြို့နယ် ပကဖ တာဝန်ခံတယောက်က “တိုက်ပွဲဖြစ်တာ မရှိပါဘူးဗျ။ သက်သက်မဲ့ တိုက်ခိုက်တာပါ။ ကျနော်တို့ သိရသလောက်တော့ ရုံးစည်ကြီးက ဝေကြီး ကုန်စုံဆိုင်ဆိုတာ အရင် တနင်္သာရီတိုင်းမှူး လျာထားခံရတဲ့ အငြိမ်းစား ဗိုလ်မှူးကြီးကျော်ကျော်ဦးနဲ့ သူ့ရဲ့ညီ နေပြည်တော်၊ အဂတိတိုက်ဖျက်ရေးအဖွဲ့က ညွှန်ချုပ် ဦးလွင်လွင်တို့ မိသားစုတွေ ပိုင်တာတဲ့။ အဲဒါကြောင့်ဖြစ်မယ် ဗုံးကြဲပြီး အဲဒီဆိုင် မီးလောင်နေတဲ့အချိန် မိတ္ထီလာ တပ်မ ၉၉ က စစ်သား ၁၀၀ ကျောက်လောက် ရောက်လာပြီးတော့ မီးမလောင်ဘဲ ကျန်နေတဲ့ပစ္စည်းတွေကို သယ်ထုတ်ကြတယ်။ လုံခြုံရေးယူတဲ့သဘောနဲ့ ရွာထဲတပ်စွဲနေကြတယ်”လို့ DVB ကို ပြော ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရုံးစည်ကြီးကျေးရွာ ပတ်ချာလည်မှာလည်း ကင်းပုန်းတွေ ဝပ်နေကြပြီး အခုရက်ပိုင်း တောင်သာ-နွားထိုးကြီး-မလှိုင်အစပ်ကို စစ်ကောင်စီက မြေပြင်စစ်ကြောင်းနဲ့ ဝေဟင်ပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်နိုင်​တယ်လို့ တပ်တွင်းသတင်းတွေ ရရှိထားတဲ့အတွက် ပြည်သူတွေအပါအဝင် PDF တွေ အသွားအလာဆင်ခြင်ကြဖို့ တိုက်တွန်းထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၅ ရက်ကလည်း ဇရပ်ကြီးကျေးရွာက စာသင်ကျောင်းကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းအနီးမှာ နေထိုင်တဲ့ အမျိုးသမီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းဆောင်လည်း ပျက်စီးခဲ့ပါတယ်။

အခုနှစ် ဇန်နဝါရီ ၃၀ ရက် ညပိုင်းမှာလည်း အဆိုပါကျေးရွာကို လေကြောင်းကနေ ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့လို့ လူနေအိမ်နဲ့ အဆောက်အအုံတချို့ ပျက်စီးခဲ့ပါသေးတယ်။

မတ္တရာမြို့နယ်မှာလည်း တောင်ကန်ကျေးရွာကို ဖေဖော်ဝါရီ ၅ ရက် မနက် ၁၁ နာရီမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အမျိုးသမီး ၃ ယောက် ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်တပ်က ပုသိမ်ကြီးမြို့နယ်၊ မြကန်သာရွာ အထိုင်စခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေသခံအမျိုးသမီးတယောက်က “ကျမတို့ရွာအနီးမှာ ဘာတိုက်ပွဲမှ မဖြစ်ဘူးရယ်။ သူတို့ ဘာကြောင့်ပစ်တာလဲတော့ မသိဘူး။ အဲလိုပစ်ခတ်လို့ ကျမတို့ရွာက ဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်းနဲ့ သိမ်ကျောင်းတွေ ပျက်စီးသလို မနန္ဒာ အသက် ၂၅ နှစ် ကလေးအမေတဦး ခြေပြတ်ဒဏ်ရာ၊ မဂျူးဂျူးလင်း အသက် ၁၅ နှစ်၊ မစန္ဒာအောင် အသက် ၁၆ နှစ် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်” လို့ ပြောပါတယ်။

အခုလို စစ်တပ်က လက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံရွာသားတွေ အထိတ်တလန့်နဲ့ ကျေးရွာအတွင်း နေထိုင်သူတွေရှိသလို နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်သူတချို့လည်း ရှိနေတယ်လို့ သိရပါတယ်။

မတ္တရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဦးတိုးကြီးက “အဲသတင်းရလို့ ကျနော်တို့ သွားကြည့်တဲ့အခါ စစ်တပ်က ၈၁ မမလို့ ယူဆရတဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာ ဖြစ်မယ်ဗျ။ စစ်တပ်ကတော့ဗျာ သူတို့ မထင်တဲ့ နေရာတိုင်းကို စည်းမရှိကမ်းမရှိ ပစ်နေတာ။ ဒီကိစ္စနဲ့ပက်သက်လို့ ကျနော်တို့ဘက်ကတော့ ကျူးလွန်တဲ့သူတွေဘက်က အပြည့်အဝ တာဝန်ယူရလိမ့်မယ်လို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက် စစ်ရေးတင်းမာမှု ရှိနေသလို စစ်တပ်ဘက်ကလည်း မြေပြင်စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့တာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မြင်းခြံခရိုင်မှာလည်း ငါန်းမြှာကြီးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ဖေဖော်ဝါရီ ၆ ရက် မနက် ၉ နာရီက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဟာ ငါန်းမြှာကြီးရွာကနေ စစ်ကြောင်းထိုးဖို့ စတင်ထွက်ခွာချိန်ကို ပြည်သူ့ကာကွယ်ရေးတပ်က ကြားဖြတ်တိုက်ခိုက်တာလို့လည်း သိရပါတယ်။

ငါန်းမြှာကြီးရွာကပြည်သူတယောက်က “မနက်ခင်း ၉ နာရီလောက်ကနေ တိုက်ပွဲကဖြစ်တာ။ ၁ နာရီလောက်တော့ ကြာတယ်ဗျ။ စစ်တပ်က နယ်မြေကင်းလှည့်ဖို့ ရွာကနေ ထွက်တဲ့အချိန်ကို တိုက်ပွဲဖြစ်တာ။ ကျနော်တို့ အရပ်သားတွေကတော့ ကိုယ့်အိမ်ထဲမှာတင် ကုတ်နေကြရတယ်။ စစ်တပ်ဘက်က အကျအဆုံးတော့ ရှိတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတော့ ကျလား၊ မကျဘူးလားတော့ မသိရဘူး” လို့ ပြောပါတယ်။

အခုတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်က မြင်းခြံခရိုင် တပ်ရင်း ၆၊ မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့၊‌ နယ်မြေခံပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ရေးအရာရှိ ဗိုလ်အောင်ခန့်က “ငါန်းမြှာဘက်ကနေ ကျနော်တို့ စိုးမိုးနယ်မြေဘက်ကို စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ စစ်ကြောင်းကို ကျနော်တို့ အသင့်စောင့်ပြီး ပစ်ခတ်ခဲ့တာဗျ။ ကျနော်တို့ မီတာ ၁၀၀ အကွာကနေ အုတ်တံတိုင်းကို အကာအကွယ်ယူပြီး ပစ်နေတဲ့ စစ်သားတဦးကိုတော့ အတိအကျ မျက်မြင် အသေပစ်ခတ်နိုင်ခဲ့တယ်ဗျ။ စစ်တပ်ဘက်က တဦး အတိအကျ ကျဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်။ သူတို့အကျအဆုံးများလို့ စစ်ကြောင်း နောက်ပြန်ဆုတ်သွားတယ်ဗျ။ ကိုယ့်ဘက်ကတော့ အကျအဆုံး လုံးဝမရှိခဲ့ဘူး” လို့ DVB ကို ပြောပါတယ်။

မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ စစ်ရေးအရှိန် တင်းမာနေပြီး စစ်တပ်က စက်တပ်လေထီး၊ လေယာဉ်တို့နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ အရပ်သား သေဆုံးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေကို စနစ်တကျ ပြုလုပ်ထားကြဖို့ မန္တလေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်တွန်း ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024