Home
မြန်မာသတင်း
မောင်တောနှင့် တောင်ကုတ်တွင် မိုင်းထိပြီး လူ ၅ ဦး ဒဏ်ရာရ၊ ထန်းတပင်၌ စစ်ရှောင်များ မိုင်းနင်းမိ
DVB
·
February 7, 2025

ရခိုင်ပြည်နယ်၊ မောင်တောနဲ့ တောင်ကုတ်မြို့နယ်တို့မှာ ဖေဖော်ဝါရီ ၅ ရက်နဲ့ ၆ ရက် နှစ်ရက်အတွင်း မြေမြှုပ်မိုင်းနင်းမိပြီး အရပ်သား ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့နယ်၊ ရွှေဇားဂုံးနား(မွတ်ဆလင်)ကျေးရွာမှာ ဖေဖော်ဝါရီ ၅ ရက်နဲ့ ၆ ရက်နေ့တို့မှာ မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် ခြေတဖက် ပြတ်တောက်သွားခဲ့သလို နောက်ထပ် အမျိုးသားတယောက်နဲ့ ကလေးငယ်တယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ရွှေဇားရွာက အမျိုးသားတယောက်က ပြောပါတယ်။

“မြေမြှုပ်မိုင်းက ၂ ရက်ဆက်တိုက်ကို နင်းမိတာဗျ။ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးကတော့ ခြေထောက်ပြတ်တောက်သွားကြတယ်။ နောက်ထပ် အမျိုးသားတဦးနဲ့ ကလေးတဦးကလည်း မိုင်းစတွေထိပြီး ဒဏ်ရာရသွားကြတယ်။ ဖေဖော်ဝါရီ ၅ ရက်က အမျိုးသားတဦး သူ့ရဲ့အိမ်ဝန်းထဲမှာပဲ မိုင်းနင်းပြီးတော့ ညာဘက်ခြေထောက် ပြတ်တောက်သွားပြီး ဖေဖော်ဝါရီ ၆ ရက်နေ့မှာလည်း အမျိုးသမီးတဦး သူ့ရဲ့အိမ်ဝန်းထဲမှာပဲ မြေမြှုပ်မိုင်းနင်းမိပြီး ညာဘက်ခြေ ပြတ်သွားပြီးတော့ အနီးမှာရှိတဲ့ ကလေးငယ်တဦးနဲ့ အမျိုးသားတဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြတာ ဖြစ်တယ်။ မြေမြှုပ်မိုင်းတွေက နေအိမ်ဝန်းထဲမှာပဲ နင်းမိကြတာဆိုတော့ လူတွေက အရမ်းကြောက်နေကြတာ။”

မိုင်းနင်းမိလို့ ခြေထောက်ပြတ်သွားသူတွေကတော့ ရွှေဇားဂုံးနားကျေးရွာက ကိုမာမတ်ဂျူနိုက် (၂၇ နှစ်)၊ မနူရ်ကိုင်ဒါ (၃၀ နှစ်) တို့ဖြစ်ကြပြီး ထိခိုက်ဒဏ်ရာ ရရှိသွားသူတွေကတော့ ကိုကျော်မြင့်နိုင် (ခ) မာမတ်ဆော်လိမ်နဲ့ မရှာဟဲအာတာ (၂ နှစ်) တို့ ဖြစ်ကြပါတယ်။

ကိုမာမတ်ဂျူနိုက်ဟာ သူ့ရဲ့နေအိမ်အတွင်းမှာ မြေမြှုပ်မိုင်းနင်းမိတာဖြစ်ပြီး သူ့ရဲ့ ညာဘက်ခြေချင်းဝတ်ကနေ ပြတ်တောက်သွားခဲ့တာ ဖြစ်တယ်လို့ မောင်တောမြို့ခံတယောက်က ပြောပါတယ်။

“သူက မနက်မိုးလင်းလို့ မျက်နှာသွားသစ်တာမှာ သူ့ရဲ့အိမ်ခြံဝန်းအတွင်းမှာ မိုင်းနင်းမိတာ။ ညာဘက်ခြေချင်းဝတ်ကနေ လုံးဝပြတ်သွားပြီးတော့ ဘယ်ဘက်ခြေမှာလည်း ထိခိုက်ဒဏ်ရာ ရရှိသွားတယ်။ လက်ရှိတော့ ဆေးကုသမှု ခံယူနေရတယ်။ မြို့တွင်းမှာက လနဲ့ချီပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြတာကြောင့် နေအိမ်တွေအထိ မြေမြှုပ်မိုင်းတွေက ကျန်ရှိနေသေးတာ ဖြစ်တယ်။”

ဇန်နဝါရီ ၂၉ ရက်ကလည်း ရွှေဇားဂုံးနား(မွတ်ဆလင်)ကျေးရွာအတွင်း မြေမြှုပ်မိုင်းနင်းမိပြီး ကလေးငယ်တယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။

ဒ့ါအပြင် တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှာလည်း ဖေဖော်ဝါရီ ၆ ရက်က အမျိုးသမီးတယောက် သူ့ရဲ့ နေအိမ်ဝင်းထဲမှာ မြေမြှုပ်မိုင်း နင်းမိပြီးတော့ ဘယ်ဘက်ခြေထောက် ပြတ်တောက်သွားပြီး ညာဘက်ခြေမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ တောင်ကုတ်ဒေသခံတယောက်က ပြောပါတယ်။

“သူက အိမ်ဝင်းထဲ ထင်းရှာနေတာမှာ မိုင်းနင်းမိတာလို့ သိရတယ်။ ဘယ်ဘက်ခြေထောက် ခြေချင်းဝတ်ကနေ ပြတ်တောက်သွားပြီးတော့ ညာဘက်ခြေလည်း မိုင်းစတွေထိပြီး အတော်လေးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာ။ သူ့ရဲ့အိမ်က စစ်ကောင်စီတပ်စွဲခဲ့တဲ့ ခမရ ၃၄၆ တပ်ရင်းအနီးမှာ ရှိနေတာကြောင့် စစ်ကောင်စီထောင်ထားခဲ့တဲ့ မိုင်းဖြစ်ဖို့များတယ်။”

မိုင်းထိမှန်ပြီးတော့ ဒဏ်ရာအပြင်းအထန် ရရှိသွားသူမှာ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်က ဒေါ်ခင်မျိုးချေ (၅၁ နှစ်) ဖြစ်ပြီး လက်ရှိမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

မောင်တောမြို့တွင်းမှာ အာရက္ခတပ်တော်က မိုင်းရှင်းလင်းနေပေမဲ့ မြို့တွင်းတိုက်ပွဲတွေ လနဲ့ချီကြာမြင့်စွာ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တဲ့အတွက် မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေ ကျန်ရှိနေသေးတာကြောင့် အာရက္ခတပ်တော်အနေနဲ့ သေသေချာချာ ရှင်းလင်းပေးစေချင်တယ်လို့ မောင်တောမြို့ခံ နောက်တယောက်က ပြောပါတယ်။

“မောင်တောမြို့နဲ့ အနီးတဝိုက်မှာတော့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြတော့ မိုင်းတွေနဲ့ စစ်ကျန်လက်နက်က အများအပြား ကျန်ရှိနိုင်သေးတယ်။ အာရက္ခတပ်တော်က မိုင်းရှင်းလင်းမှုတွေ ပြုလုပ်နေပေမဲ့လည်း မိုင်းတွေက ကျန်ရှိနေဆဲဖြစ်ပြီး ပြည်သူတွေ ထိခိုက်မှုရှိနေဆဲ ဖြစ်တယ်။ AA အနေနဲ့ လူထုတွေ ထိခိုက်မှုမရှိအောင် မိုင်းရှင်းလင်းတာကို အခုထက် လုပ်ပေးဖို့နဲ့ အသိပညာပေးမှုတွေ ပြုလုပ်သင့်တယ်။”

မောင်တောမြို့တွင်းမှာ စစ်ကောင်စီ၊ ပူးပေါင်းမွတ်ဆလင်တပ်တွေနဲ့ အာရက္ခတပ်တော်တို့အကြား ၂၀၂၄ ခုနှစ် ဇွန်လကနေ ဩဂုတ်လအထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီနဲ့ မွတ်ဆလင် လက်နက်ကိုင်တွေက လနဲ့ချီ မြို့တွင်းမှာ တပ်စွဲနေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

မောင်တောမြို့နယ်တခုလုံးကို အာရက္ခတပ်တော်က ဒီဇင်ဘာ ၈ ရက်မှာ အပြီးသတ် သိမ်းပိုက်လိုက်ပြီးနောက် ဇန်နဝါရီလမှာ အာရက္ခတပ်တော်က မြို့ခံတွေကို မြို့တွင်းပြန်ဝင်ခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားနေတာ တနှစ်ကျော်အထိ ကြာမြင့်လာပြီဖြစ်ပြီး မြို့နယ်တိုင်းမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူနဲ့ သေဆုံးသူ မြင့်တက်လာနေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာ မိုင်းရှင်းလင်းမှုတွေ ပြုလုပ်နေပေမဲ့လည်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှုတွေ ရှိနေသေးတာကြောင့် ရပ်ရွာတွေမှာ မိုင်းကို စနစ်တကျ ရှင်းလင်းပေးဖို့နဲ့ မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ် အသိပညာပေးမှုတွေလည်း ထိထိရောက်ရောက်လုပ်ပေးဖို့ လိုအပ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ပဲခူးတိုင်းအရှေ့ခြမ်း၊ ထန်းတပင်မြို့နယ်မှာလည်း ကင်မွန်းခြုံရွာကနေ စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေး အခက်အခဲကြောင့် ကင်မွန်းခြုံရွာရှိ နေအိမ်တွေကို ရိက္ခာပြန်ယူရာ စစ်တပ်ကထောင်ထားတဲ့မိုင်း နင်းမိပြီး ထိခိုက်သေဆုံးနေကြောင်း ဒေသခံတွေထံက စုံစမ်းသိရပါတယ်။

၂၀၂၄ ဩဂုတ်လဆန်းပိုင်းက စတင်ပြီး ကင်မွန်းချုံကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကျေးရွာနေသူတွေ ကိုယ်လွတ်ရုန်း ထွက်ပြေးလာခဲ့ရကြောင်း စစ်ဘေးရှောင်အမျိုးသမီးတယောက်က ပြောပါတယ်။

“အဲဒီကတည်းက ရွာထဲမှာ စစ်သားတွေ တပ်စွဲထားတယ်၊ စစ်ရှောင်လာတည်းက ဘာမှ ယူမလာရဘူး၊ စစ်ရှောင်လာတာ ကြာလာတော့ စားဖို့ ဝတ်ဖို့ မရှိတာရော ကိုယ့်အိမ်အခြေအနေ ကြည့်ချင်တာရော အဲဒါကြောင့် ပြန်ကြတဲ့သူတွေရှိတယ်။ ပြန်တော့ တချို့တွေက မိုင်းတွေနင်းမိတာ၊ နေအိမ်ခြံထဲ နင်းမိတဲ့သူနဲ့ ရွာဘေးနင်းမိတဲ့သူတွေနဲ့၊ ညီမသိတာတင် အမျိုးသား ၅ ယောက်၊ တယောက်ကသေသွားတယ်၊ ကျန်တဲ့သူတွေက ခြေထောက်ဖြတ်ရတယ်။”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကင်မွန်းချုံကျေးရွာအတွင်း ဝင်ရောက် စတင်တပ်စွဲတဲ့ အချိန်တည်းက သူတို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်မှာကို ကြောက်ပြီး မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့ခြင်းဖြစ်ကြောင်း အဲဒီကျေးရွာက စစ်ရှောင်လာတဲ့ အမျိုးသားတယောက်က ပြောပါတယ်။

“ပထမ စရောက်လာတည်းက ရွာသားတွေအိမ်မှာ စစ်သားတွေ တအိမ် သုံးလေးယောက် တပ်စွဲထားတာ၊ တပ်စွဲပြီး အဲဒီအိမ်တွေမှာပဲ မိုင်းတွေထောင်ထားခဲ့တာ၊ နောက် သူတို့ အိမ်ထဲက ပစ္စည်းတွေယူပြီး နေရာပြောင်းသွားပေမဲ့ မိုင်းတွေကိုတော့ ဖော်မသွားဘူး။ အဲဒီတော့ ရွာသားတွေက သူတို့မသိအောင် ကိုယ့်အိမ်ကပစ္စည်းတွေ ပြန်ယူတဲ့အချိန် မိုင်းတွေနင်းမိတာ။”

ကင်မွန်းချုံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၇၀ ဝန်းကျင်ရှိပြီး သူတို့ကို ထောက်ပို့ပေးနေတဲ့ လမ်းကြောင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖြတ်တောက်ထားကြောင်း အဲဒီဒေသရှိ တော်လှန်ရေးရဲဘော်တယောက်က ပြောပါတယ်။

“ထောက်ပို့လမ်းကြောင်းတွေ ဖြတ်ထားတော့ သူတို့မှာ ရိက္ခာက မရှိတော့ဘူး။ အဲဒီတော့ ပြည်သူတွေအိမ်မှာ ကျန်ခဲ့တဲ့ဟာတွေ အိမ်တွေဖောက်ပြီး ခိုးစားနေတာ၊ ပြီးတော့ နေအိမ်ကို ပစ္စည်းပြန်ယူချင်တဲ့ ရွာသားတွေရှိရင်လည်း သူတို့ကို ငါးသိန်း ဆယ်သိန်းပေးပြီးမှ ရွာကိုဝင်လို့ရတယ်။”

ကင်မွန်းချုံကျေးရွာမှာ ဒေသခံ ၃၀၀ ကျော်ရှိပြီး သူတို့ဟာ အနီးနားရှိ ကျေးရွာတွေနဲ့ တောင်ငူမြို့ပေါ်မှာ တိမ်းရှောင်နေရပြီး စစ်ရှောင်ကာလ ကြာလာတာနဲ့အမျှ စားဝတ်နေရေး အလွန်ခက်ခဲလာကြောင်းလည်း စစ်ဘေးရှောင်ရွာသားတွေက ပြောပါတယ်။

မြေမြှုပ်မိုင်းတွေနဲ့ စစ်လက်ကျန်လက်နက်ပစ္စည်းတွေမှာ သက်တမ်းကုန်ဆုံးရက် မရှိကြောင်း UNICEF Myanmar က မြန်မာက ဇန်နဝါရီ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024