
နယ်စပ်လုံခြုံရေးနဲ့ မူးယစ်မှောင်ခို နှိမ်နင်းပေးပါမယ်ဆိုတဲ့ ကတိရအပြီးမှာ အိမ်နီးချင်းနှစ်နိုင်ငံဖြစ်တဲ့ မက္ကဆီကိုနဲ့ ကနေဒါအပေါ် စည်းကြပ်ခွန် (Tariff) ကောက်ခံမယ့် အစီအစဉ်ကို တလ ဆိုင်းငံ့ပေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သဘောတူလိုက်ပါတယ်။
ဒါပေမဲ့ တရုတ်ကုန်စည်တွေအပေါ် ၁၀ ရာခိုင်နှုန်း စည်းကြပ်ခွန်ကောက်မယ့် အစီအစဉ်ကတော့ အမေရိကန်စံတော်ချိန်အရ ဖေဖော်ဝါရီ ၄ ရက်နေ့အကူး သန်းခေါင်ယံကျော်တာနဲ့ စတင်သက်ဝင်ပြီ ဖြစ်ပါတယ်။
နယ်စပ်လုံခြုံရေး အားထုတ်မှုတွေ တိုးမြှင့်ဖို့ သဘောတူညီခဲ့ကြတယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးနဲ့ မက္ကဆီကိုသမ္မတ ကလော်ဒီယာရှိန်းဘောင်းတို့က အတည်ပြုပါတယ်။
အမေရိကန်-ကနေဒါ နယ်စပ်တလျှောက်မှာ နည်းပညာသစ်တွေနဲ့ စစ်သည်တွေချထားပြီး စုဖွဲ့ရာဇဝတ်မှုတွေ၊ ဖန်တာနဲလ် မှောင်ခိုမှုတွေ၊ ငွေကြေးခဝါချမှုတွေ နှိမ်နင်းပေးဖို့ ကနေဒါက သဘောတူပေးခဲ့ရပါတယ်။
မက္ကဆီကိုကလည်း မြောက်ဘက်နယ်စပ်မှာ အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၁၀,၀၀၀ ချထားပြီး တရားမဝင် ရွှေ့ပြောင်းနဲ့ မူးယစ်ဆေးဝါး စီးဆင်းမှုကို ဟန့်တားပေးရမှာ ဖြစ်ပါတယ်။
အမေရိကန်ကလည်း မက္ကဆီကိုနိုင်ငံထဲကို စွမ်းအားမြင့်လက်နက်တွေ မှောင်ခိုဝင်ရောက်မှု ဟန့်တားရေးအတွက် ကတိပြန်ပေးထားတယ်လို့ မက္ကဆီကိုသမ္မတ ရှိန်းဘောင်းက ပြောပါတယ်။
အခုလို သဘောတူညီချက် ရလိုက်တာကြောင့် ပတ်သက်သူအားလုံး ထိခိုက်နိုင်ပြီး ကုန်စျေးနှုန်း တက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကနေ ယာယီသက်သာရာရခဲ့ပြီ ဖြစ်ပါတယ်။
ခေါင်းဆောင် ၂ ယောက်စလုံးနဲ့ ဖုန်းပြောခဲ့အပြီးမှာ အမေရိကန်ရဲ့ အကြီးဆုံး ကုန်သွယ်ဘက်နှစ်နိုင်ငံနဲ့ နောက်လတွေထဲမှာ စီးပွားရေးသဘောတူညီချက်သစ်တွေ ရယူဖို့ စီစဉ်ထားတယ်လို့ပါ ထရမ့်ပ်က ပြောခဲ့ပါတယ်။
Source : Reuters