မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်က မြို့နယ်ပြည်သူ့ဆေးရုံကို ဇန်နဝါရီ ၃၀ ရက် သန်းခေါင်ယံအချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မန္တလေးPDF က သတင်းထုတ်ပြန်ပါတယ်။
စဉ့်ကူးမြို့နဲ့ အနီးဝန်းကျင်ဟာ တိုက်ပွဲနဲ့ အလှမ်းကွာတဲ့ နေရာဒေသတခုဖြစ်ပြီး စစ်ကောင်စီအနေနဲ့ အကြောင်းမဲ့သက်သက် အများပြည်သူနဲ့ သက်ဆိုင်တဲ့ မြို့နယ်ပြည်သူ့ဆေးရုံကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီး လူတွေ အထိအခိုက်တော့မရှိဘူးလို့ မန္တလေး PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကDVB ကို ပြောပါတယ်။
“ညသန်းခေါင် လူမနေတဲ့အဆောက်အဦး ကျရောက်တဲ့အတွက် လူပုဂ္ဂိုလ်ထိခိုက်မှုတော့ မရှိပါဘူး။ အဆောက်အဦးတွေတော့ တော်တော်ပျက်စီးသွားတယ်။”
စစ်ကောင်စီဟာ အခုရက်ပိုင်းအတွင်း ပြည်သူ့ဆေးရုံတွေကို ဦးတည်တိုက်ခိုက်နေတာကို တွေ့ရှိရပြီး နိုင်ငံရဲ့ စစ်တပ်တတပ်အနေနဲ့ ဂုဏ်သိက္ခာအကင်းမဲ့ဆုံး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်လို့ မန္တလေး PDF ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့တွေကို စစ်ကောင်စီက မကြာခဏ လေကြောင်းတိုက်ခိုက်နေတာဖြစ်ပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိပါတယ်။