
ပီရူးနိုင်ငံ လီမာအလယ်ပိုင်းမှာ အိမ်မွေးတိရစ္ဆာန်တွေအဖြစ် တရားမဝင်ရောင်းချနေတဲ့ အဝါရောင် အစက်အပြောက်တွေ ပါရှိတဲ့ တာရီကာယာ မြစ်လိပ် ၁၆၄ ကောင်ကို ကယ်တင်ခဲ့ကြောင်း အမျိုးသား သစ်တောနဲ့ တောရိုင်းတိရစ္ဆာန်ဌာန (SERFOR) က ဇန်နဝါရီ ၁၅ ရက်မှာ ကြေညာခဲ့ပါတယ်။
ဇန်နဝါရီ ၉ ရက်က လီမာမြို့ အလယ်ပိုင်းဧရိယာမှာ ရဲစစ်ဆင်ရေးတခု ပြုလုပ်ခဲ့ပြီး အဲဒီမှာ လိပ်ကလေးတွေကို ပလတ်စတစ်အိတ်တွေနဲ့ ဖန်ဘူးတွေ၊ ပလတ်စတစ်ခွက်တွေအတွင်း ပစ်စလက်ခတ် ထားသိုရောင်းချနေတာဖြစ်ပြီး အာဏာပိုင်တွေဟာ အဲဒီလိပ်တွေကို သိမ်းဆည်းခဲ့ပြီးတော့ လူ ၃ ယောက်ကိုလည်း တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုနဲ့ ဖမ်းဆီးအရေးယူထားပါတယ်။
သူတို့ရောင်းချတဲ့ စျေးနှုန်းတွေက ပီရူးသုံးငွေ ၅၀ ဆိုးလ်မှ ၈၀ ဆိုးလ်အကြား (၁၄ ဒေါ်လာမှ ၂၁ ဒေါ်လာ) ရှိတယ်လို့ သစ်တောနှင့် တောရိုင်းတိရစ္ဆာန် စီမံခန့်ခွဲရေး (SERFOR) မှ တိရစ္ဆာန်ဆေးကုဆရာဝန် ဟာဗီးယား ဟာရာက ပြောပါတယ်။
အယ်မဇွန်ဇာတိ မျိုးသုဉ်းလုနီးပါး စာရင်းဝင် အဲဒီလိပ်တွေကို တရားမ၀င်ရောင်းချခြင်းဟာ သူတို့ရဲ့ ရှင်သန်မှုကို ခြိမ်းခြောက်ရုံသာမက သူတို့ရဲ့ ကျန်းမာရေးအခြေအနေနဲ့ နေထိုင်စရာ နယ်မြေစားကျက်တွေ ကျဉ်းလာကျုံ့လာတာကြောင့် တိရစ္ဆာန်တွေအတွက် ပျော်မွေ့မှုနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာကြောင်း အာဏာပိုင်တွေက ပြောကြားပါတယ်။
အမေဇုန်မြစ်ဝှမ်းဒေသအသီးသီးမှာ ပေါက်ဖွားနေထိုင်ကြတဲ့ တာရီကာယာ ခေါင်းဝါ မြစ်လိပ်တွေကို လိုရီတို၊ အူကာယာလီ၊ မက်ဒရီ ဒယ် ဒီယို့စ်နဲ့ ဆန်မာတင် ဒေသတွေမှာ သဘာဝအတိုင်း တွေ့ရှိရပြီး ပီရူးနိုင်ငံရှိ မတူညီတဲ့ နယ်မြေဧရိယာတွေမှာ တရားမဝင် ရောင်းချကြတာ ဖြစ်ပါတယ်။
Source : Reuters