
မြန်မာပြည်တွင်း စက်သုံးဆီဈေးတွေ အမြင့်ဈေးတန်းမှာပဲ အချိန်အတော်ကြာ ငြိမ်နေခဲ့ရာက ဒီဇင်ဘာ ၂၇ ရက်မှာ ရန်ကုန်မြို့အတွက် ရည်ညွှန်းလက်လီဈေးတွေ နည်းနည်းပြန်ကျလာတာ တွေ့ရပါတယ်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန် ဈေးကွက်အတွက် မနေ့က ထုတ်ပြန်ချက်အရ ဓာတ်ဆီဈေး တလီတာကို ၁၀၀ ကျပ်ကျဆင်းပြီး ဒီဇယ်ဈေးက တလီတာကို ၃၀ ကျပ် ဝန်းကျင်ဈေးပြန်ကျလာတာ တွေ့ရပါတယ်။
ရန်ကုန်မြို့တွင်း စက်သုံးဆီ ရည်ညွှန်းလက်လီဈေးတွေက ဒီဇင်ဘာ ၂၆ ရက်က 92 ဓာတ်ဆီ တလီတာကို ၃၁၁၀ ကျပ်၊ 95 ဓာတ်ဆီတလီတာကို ၃၂၂၀ ကျပ်၊ ဒီဇယ်တလီတာကို ၂၆၅၅ ကျပ်၊ ပရီမီယမ်ဒီဇယ် တလီတာကို ၃၂၉၀ ကျပ်ဝန်းကျင် ရှိခဲ့ပြီး ဒီဇင်ဘာ၂၇ ရက်မှာ 92 ဓာတ်ဆီ တလီတာကို ၃၀၁၀ ကျပ်၊ 95 ဓာတ်ဆီတလီတာကို ၃၁၂၀ ကျပ်၊ ဒီဇယ်တလီတာကို ၂၆၃၅ ကျပ်၊ ပရီမီယမ်ဒီဇယ် တလီတာကို ၃၂၆၀ ကျပ် ပေါက်ဈေးရှိပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်မှာ ရှိခဲ့တဲ့ စက်သုံးဆီပေါက်ဈေးတွေနဲ့ယှဉ်ရင်တော့ ဓာတ်ဆီဈေးက တလီတာကို ၄၅၀ ကျပ် ဝန်းကျင် မြင့်တက်လာပြီး ပရီမီယမ်ဒီဇယ်ဈေးက တလီတာကို ကျပ် ၈၀၀ ဝန်းကျင်ထိ ဈေးမြင့်လာပါတယ်။
လက်ရှိမှာ လောင်စာဆီ တန်းစီတိုးရတဲ့ပြဿနာလျော့ကျသွားပေမဲ့ ဈေးကတော့ အမြင့်မှာပဲ ဆက်ရှိနေတယ်လို့ ဆိုရမှာပါ။
ရန်ကုန်မြို့က အငှားယဉ်မောင်းတယောက်က “ဈေးက တက်ဖို့တာလွယ်တာ၊ ကျဖို့က တော်တော်ခဲယဉ်းတာ။ ဒီနေ့တော့ ၁၀၀ လောက်ပြန်ကျတယ်။ တန်းစီဝယ်စရာတော့ မလိုတော့ဘူး” လို့ ပြောပါတယ်။
ဗဟိုဘဏ်အနေနဲ့ကတော့ အခုဒီဇင်ဘာလအတွင်း စက်သုံးဆီအပါအဝင် သွင်းကုန်လုပ်ငန်းရှင်တွေ အတွက် နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ဝန်းကျင် ထုတ်ရောင်းထားတယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။