
မိုဇမ်ဘစ်နိုင်ငံ၊ ကာဘို ဒေလ်ဂါဒို ဒေသက ပမ်ဘာမြို့ရဲ့ တောင်ဘက် မေကူဖီခရိုင်မှာ နေသူတွေဟာ သီတင်းပတ်ကုန်ရက်က မုန်တိုင်းချီဒိုကြောင့် သူတို့အိမ်တွေ ပျက်စီးအပြီး ဒီဇင်ဘာ ၁၈ ရက်မှာ အပိုင်းအစတွေကို စတင်ကောက်ယူခဲ့ကြပါတယ်။
ဒီနေရာက အိမ် ၉၀ ရာခိုင်နှုန်းကျော်ဟာ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားခဲ့တယ်လို့ ပမ်ဘာမြို့အခြေစိုက် UNICEF အဖွဲ့က ကွင်းဆင်းအရာရှိ နီကိုးလပ်စ် ဝက်စူနာက ပြောပါတယ်။
ဓာတ်အားနဲ့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေဆဲမို့ လုပ်ငန်းဆောင်ရွက်ချက်တွေအတွက် မကြာခဏ ရုန်းကန်နေရတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးအေဂျင်စီတွေက ကူညီပေးနေပါတယ်။
မိုဇမ်ဘစ်နိုင်ငံထဲမှာ ချီဒို မုန်တိုင်းကြောင့် သေဆုံးသူဦးရေဟာ ဒီဇင်ဘာ ၁၈ ရက် အစောပိုင်းမှာ ၄၅ ယောက်အထိ မြင့်တက်လာခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
ချီဒိုမုန်တိုင်းဟာ တနာရီ ၁၃၆ မိုင်နှုန်းနဲ့ မက်ယော့ထ်ကျွန်းပေါ်က ပြင်သစ်ပိုင်နက်ကို ဖြတ်သန်း တိုက်ခတ်ပြီးတဲ့နောက် အာဖရိကတိုက်ကို ဝင်ရောက်တိုက်ခတ်ခဲ့တာပါ။
မိုဇမ်ဘစ်နိုင်ငံမှာ သေဆုံးသူ ၄၅ ယောက်နဲ့ မာလာဝီနိုင်ငံမှာ သေဆုံးသူ ၁၃ ယောက်အထိ မြင့်တက်လာခဲ့ပေမဲ့ ပြားပြားဝပ် ပျက်စီးခဲ့တဲ့ မက်ယော့ထ်ကျွန်းပေါ်က လူအသေအပျောက် စုစုပေါင်းကိုတော့ ခုထိ အတိအကျ မသိရသေးပါဘူး။
ကျွန်းပေါ်မှာ ဒေသစံတော်ချိန် ည ၁၀ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။
ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဆီဘတ်စ်စီယံ လူကိုညီက ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကူညီဖို့ စစ်သား ၇၀၀ ကျော်ကို တပ်ဖြန့်ထားတယ်လို့ လူမှုကွန်ရက်မီဒီယာ X မှာ ရေးသားခဲ့ပါတယ်။
လူနာတွေကို ပြင်သစ်ရဲ့ တခြားနိုင်ငံရပ်ခြားနယ်မြေ လာ ရီယူနီယံမှာ ရွှေ့ပြောင်းထားတယ်လို့ သူက မှတ်ချက်ပြုခဲ့ပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်က အခြေအနေကို အကဲဖြတ်ဖို့ ဒီဇင်ဘာ ၁၉ ရက်မှာ မက်ယော့ထ်ကျွန်းဆီ သွားမယ်လို့ မျှော်လင့်ထားပါတယ်။
Source : Reuters