
မြန်မာငါးဖမ်းစက်လှေတစီးနဲ့ လှေပေါ်ပါ မြန်မာရေလုပ်သား ၆ ယောက်တို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်ထဲသို့ တရားမဝင် ဝင်ရောက်မှုနဲ့ ထိုင်းရေတပ်အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားကြောင်း Bangkok Post သတင်းမှာ ဖော်ပြပါတယ်။
ဒီဇင်ဘာလ ၁၃ ရက် ည ၉ နာရီလောက်မှာ ရနောင်းရှိ ပတ်ခ်နမ်ဆိပ်ခံတံတားမှာ ဆိုက်ကပ်ထားတဲ့ မြန်မာငါးဖမ်းလှေတစီးကို ထိုင်းရေတပ် တာဝန်ရှိသူတွေက တွေ့ရှိ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ငါးဖမ်းလှေတစီးဟာ ထိုင်းနိုင်ငံထဲကို ရေထွက်ကုန်တွေ တရားမဝင် မှောင်ခိုသွင်းနေတယ်လို့ သတင်းရရှိတဲ့အတွက် ရှာဖွေဖမ်းဆီးရေး လုပ်ဆောင်ရာမှာ အခုလို ဖမ်းမိခဲ့တာဖြစ်တယ်လို့ ထိုင်းရေကြောင်းဥပဒေစိုးမိုးရေးကွပ်ကဲမှုစင်တာ ဒေသ ၃ က ပြောပါတယ်။
ဖမ်းဆီးမှုအတွင်း ရေယာဉ်ပေါ်မှာ ရေလုပ်သား ၆ ယောက်နဲ့အတူ ကီလိုဂရမ် ၂၀ အလေးချိန်ရှိတဲ့ ပုစွန်ချဉ်အိတ်ပေါင်း ၂,၀၀၀ ကို သိမ်းဆည်းရရှိခဲ့ပြီး တရားဝင် ခွင့်ပြုချက် အထောက်အထားမရှိဘဲ ထိုင်းနိုင်ငံထဲကို ရေထွက်ကုန်တွေ သယ်ဆောင်လာခဲ့တာဖြစ်တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာရေလုပ်သား ၆ ယောက်ကို ပုစွန်ချဉ် ကီလိုဂရမ် ၄၀,၀၀၀ မှောင်ခိုသွင်းမှုစွဲချက်နဲ့ ဥပဒေအရ အရေးယူသွားဖို့ ပတ်ခ်နမ်ရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ရနောင်းကမ်းရိုးတန်းအလွန် မြန်မာ့ရေပြင်မှာ ထိုင်းငါးဖမ်းလှေ ၁၅ စီးကို မြန်မာစစ်ရေယာဉ်တစီးက ပစ်ခတ် ဖမ်းဆီးခဲ့တဲ့ မတော်တဆမှု ဖြစ်ပွားခဲ့ပြီး သီတင်း ၂ ပတ်အကြာမှာပဲ အခုဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပြီးတော့ အဲဒီမတော်တဆမှုအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ ထိုင်းငါးဖမ်းသမား ၄ ယောက်ကတော့ ပြန်မလွတ်သေးဘဲ ကော့သောင်းမှာ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းရေလုပ်သားတွေ ပြန်လည်လွတ်မြောက်ရေးအတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းသွားဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက လာမယ့် ကြာသပတေးနေ့မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။
Source: Bangkok Post