
တောင်အာဖရိက အာဏာပိုင်တွေဟာ စတေလ်ဖွှန်းတိန်း သတ္တုတွင်းမြို့မှ အသုံးမပြုတော့တဲ့ စွန့်ပစ်မိုင်းတွင်းကနေ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း တရားမဝင် မိုင်းတွင်းလုပ်သား ၆ ယောက်တို့ရဲ့ ရုပ်အလောင်းတွေကို ပြန်လည် ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၅ ရက်မှာ ပြောကြားလိုက်ပြီး မြေအောက်မှာ ပိတ်မိနေသေးတယ်လို့ ယူဆရတဲ့ လူရာပေါင်း များစွာအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေပါတယ်။
ဒီဖြစ်ရပ်ဟာ တရားမဝင် သတ္တုမိုင်း လုပ်ငန်းတွေကို ရဲတပ်ဖွဲ့က ဖြိုခွင်းနေတဲ့ကြားကပဲ လတ်တလော သီတင်းပတ်တွေအတွင်း တရားမဝင်မိုင်းတွင်းလုပ်သား အယောက် ၁၀၀၀ ကျော် ပြန်ပေါ်ပေါက်လာချိန်မှာ ဖြစ်ပွားတာပါ။
တရားမဝင် မိုင်းလုပ်သားတွေဟာ သူတို့ကို မြေပေါ်ပြန်တက်ဖို့ ဖိအားပေးပြီး အစားအစာနဲ့ သောက်ရေ ထောက်ပံ့မှုတွေကို ဖြတ်တောက်ခဲ့တဲ့ ရဲတွေနဲ့ ထိပ်တိုက်တွေ့ကာ အဖမ်းခံခဲ့ရပါတယ်။
ဒါပေမဲ့ လတ်တလော တရားရုံးအမိန့်အရ တရားမ၀င် မိုင်းလုပ်သားတွေကို စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့ပါတယ်။
တောင်အာဖရိက ရဲမင်းကြီး ဖှန်နီး မာဆယ်မိုလာဟာ မြေအောက်အနက် ဒေါင်လိုက် လမ်းကြောင်း ၂ ကီလိုမီတာလောက် ရှည်လျားမတ်စောက်တဲ့ မိုင်းတွင်းဆင်း လမ်းကြောင်း ခပ်ကျဉ်းကျဉ်းတွေ အတွင်း ပိတ်မိနေတဲ့ မိုင်းတွင်းလုပ်သားတွေဆီ စားနပ်ရိက္ခာပစ္စည်းတွေ ပေးပို့ခဲ့တဲ့ အဲဒီနေရာကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။
အလောင်း ၆ လောင်း တွေ့ရှိရလို့ အသက်ဆုံးရှုံးရမှုကို စိတ်မကောင်းဖြစ်မိပြီးတော့ အဲဒီ လမ်းကြောင်းတွေရဲ့ အခြေအနေက အရမ်းအန္တရာယ်များတယ်လို့ သတိပြုမိကြောင်း ရဲမင်းကြီး မာဆယ်မိုလာ က ပြောပါတယ်။
တောင်အာဖရိကပြည်နယ် အများအပြားရှိ ရွှေတွင်းတွေကို ပိတ်ထားမှုဟာ အိမ်နီးချင်းနိုင်ငံတွေမှ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ ထောင်ပေါင်းများစွာကို ဆွဲဆောင်ခဲ့ပြီး သူတို့ဟာ ပိတ်ထားပြီးသား စွန့်ပစ်သတ္တုမိုင်းတွေကို ပြန်ဖွင့်ဖို့ ရောက်လာကြတာ ဖြစ်ပါတယ်။
အာဏာပိုင်တွေဟာ ရှုပ်ထွေးတဲ့ တရားမဝင် တူးဖော်မှုပြဿနာကို ဆက်လက်ကိုင်တွယ်ဖြေရှင်းနေပြီးတော့ တရားဥပဒေစိုးမိုးရေးနဲ့အတူ ကယ်ဆယ်ရေး ကြိုးပမ်းအားထုတ်မှုတွေကို အန္တရာယ်များတဲ့ မိုင်းတွင်းအခြေအနေတွေကြောင့် ပေါ်ပေါက်လာတဲ့ အန္တရာယ်တွေ ကင်းရှင်းစေဖို့တွေကို ဟန်ချက်ညီအောင် ချိန်ညှိနေရပါတယ်။
Source: Reuters