
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွေမှာ နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းကစပြီး စပိန်နိုင်ငံထုတ် ရထားတွဲသစ် DEMU စတင်ပြေးဆွဲနေပြီလို့ မြို့ပတ်ရထားစီးနင်းသူတွေက ပြောပါတယ်။
ဈေးနှုန်းတွေအနေနဲ့ ၃၃ ဘူတာရှိ မြို့တပတ်စာကို ကျပ်ငွေ ၈၀၀၊ ၁၅ ဘူတာကို မြန်မာငွေ ကျပ် ၄၀၀ ကျသင့်မှာဖြစ်ပြီး ရထားအချိန်စာရင်းအသစ်တွေပါ ပြောင်းလဲသွားတာပါ။
ရထားခရီးစဉ်လမ်းကြောင်းတွေကို ရန်ကုန်အထိ လမ်းကြောင်း ၇ ခုနဲ့ ရန်ကုန်ကနေ မင်္ဂလာဒုံ၊ အင်းစိန်အထိ လမ်းကြောင်း ၇ ခု စုစုပေါင်း လမ်းကြောင်း ၁၄ ခုအထိ ရှိနေပါတယ်။
ရထားအစောဆုံးအချိန်ကို ရန်ကုန်ဘူတာကြီးကနေ မင်္ဂလာဒုံဘက်ကို မနက် ၇ နာရီ ၅ မိနစ်က စတင်ထွက်ခွာဖြစ်ပြီး အင်းစိန်ဘူတာ လက်ယာရစ်ကို မနက် ၈ နာရီ ၃၅ မိနစ်မှာ စတင်ထွက်ခွာပေးမှာ ဖြစ်ပါတယ်။
ရထားဘူတာရုံဝန်ထမ်းတယောက်က “ဒီနေ့ စဆွဲတယ်။ အချိန်က နည်းနည်း နောက်ကျသွားတာ ရှိတယ်။ ဒီနေ့အတွက်တော့ မြို့ပတ်က မရှိသေးဘူး။ ဈေးသည်တွေတော့ ကုန်တင်လို့ မရတော့ဘူး” လို့ ပြောပါတယ်။
ပလက်ဖောင်းခုံ မြှင့်တင်ခြင်းလုပ်ငန်းတွေ ပြီးစီးခဲ့တာကြောင့် တွဲမြင့် DEMU တွဲတွေ ပြေးဆွဲနေပေမဲ့ ဘူတာရုံသစ်တွေ လက်စမသတ်နိုင်သေးလို့ ယာယီရထားလက်မှတ်ရုံးတွေမှာသာ အရောင်းလက်မှတ်တွေ ဖွင့်ထားနိုင်တာ တွေ့ရပါတယ်။
ရထားတွဲဟောင်း ဂျပန်ထုတ် RBE တွဲတွေကိုတော့ ရန်ကုန်-လှော်ကား လမ်းပိုင်းမှာသာ ထည့်သွင်းပြေးဆွဲစေမှာဖြစ်ပြီး ရထားတွဲသစ်တွေမှာ ရထားဈေးသည်တွေကို ဈေးရောင်းခွင့် မပြုဘူးလို့ သိရပါတယ်။