
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာသာမြို့ရှိ စက်ရုံတခုမှာ နိုဝင်ဘာ ၄ ရက်က လက်နက်တွေသိမ်းဆည်းရမိပြီးနောက် စစ်ကောင်စီတပ်က အေးသာယာနဲ့ တောင်ကြီးမြို့တဝိုက်မှာ အဖမ်းအဆီး အစစ်ဆေးကြမ်းနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၄ ရက် ညနေ ၄ နာရီခွဲမှာ အေးသာယာမြို့သစ်က လွိုင်ကော်ဇာတိ ဒေါ်သန်းသန်းနုပိုင်တဲ့ ပြောင်းအခြောက်ခံစက်ရုံကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့ချိန် လက်နက်အများအပြား သိမ်းဆည်းမိခဲ့ပြီး မော်ချီးကိုပို့မဲ့ လက်နက်တွေဖြစ်တယ်လို့ သိရပါတယ်။
အခြေအနေကိုသိသူတယောက်က "ဒလန်ကိုယ်တိုင်က (--) တွေနဲ့ပေါင်းပြီး ဒီလူ ဒီလူဆိုပြီး နာမည်စာရင်းတွေနဲ့ ကျလာတာလို့ကြားတယ်။ အတိအကျပဲ။ အတွင်းဒလန်ပဲ စာရွက်နဲ့လာတာ မှတ်ပုံတင်ဘယ်လောက်ဆိုတာတွေရောပေါ့။ ခုက စာရင်းထဲမှာပါတဲ့သူတွေ ဖမ်းခံရတာပေါ့”လို့ ပြောပါတယ်။
ခုလက်ရှိအချိန်မှာ လက်နက်ပိုင်ရှင်တွေနဲ့အတူ ဆက်စပ်မိသူ ၁၅ ယောက် အထိ ဖမ်းဆီးခံနေရပြီး သိမ်းဆည်းခံရတဲ့ လက်နက်အရေအတွက်နဲ့ အမျိုးအစားတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အေးသာယာ အနီးတဝိုက်မှာလည်း ဒီနေ့အထိ အစစ်ဆေးများနေပြီး FAW ကား ၄ စီး၊ စစ်ကား ၃ စီး အင်အား ၅၀ လောက်နဲ့ အစစ်ဆေးကြမ်းနေပြီး ၂ / မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို ပိုစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
မြို့ခံတယောက်က “တောင်ကြီး အတက်လမ်းမှာလည်းစစ်တယ်။ အဆင်းလမ်းကိုလည်း စစ်တာတွေလည်းရှိတယ်။ ဆိုင်ကယ်တူးဘောက်တွေလည်း လှန်ပြခိုင်းတယ်။ လမ်းကြားတွေထဲမှာလည်း ရှိနေတတ်တယ်။ အစစ်ဆေးကြမ်းတယ်” လို့ ပြောပါတယ်။
အေးသာယာနဲ့ တောင်ကြီးတလျှောက် စစ်ကောင်စီတပ်က အင်အားသုံးပြီး ရပ်ကွက်တွေထဲထိ စစ်ဆေးရှာဖွေနေတဲ့အတွက် လွိုင်ကော်ကနေ တောင်ကြီးဘက်ကို စစ်ရှောင်နေတဲ့သူတွေက စိုးရိမ်နေရတယ်လို့ သိရပါတယ်။
ခုရက်ပိုင်းမှာ ဆိုင်ကယ်တွေနဲ့ ကားတွေကို စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက စစ်ဆေးဖမ်းဆီးပြီး သိမ်းဆည်းကာ ဆိုင်ကယ်တွေကို ပြန်ရွေးခိုင်းနေတယ်လို့လည်း မြို့ခံတွေဆီက သိရပါတယ်။