
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကို စစ်ကူပေးဖို့ ပအိုဝ်းပြည်သူ့စစ်တွေကို ဝန်ကြီးချုပ်က ဇူလိုင် ၁၇ ရက်ကစားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့ကာ အကူအညီတောင်းခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
"မနေ့က ဆန်တွေရော အလှူငွေတွေရောပေးတယ်။ နယ်လုံဝန်ကြီးရော ဝန်ကြီးချုပ်ရော ပြောတာရှိတယ် ရှမ်းပြည်ကိုကာကွယ်ဖို့။ စစ်တပ်ရော ပြည်သူ့စစ်မှာပါ တာဝန်ရှိတယ် လိုအပ်ရင် ရှမ်းမြောက်ကို စစ်ကူသွားရမယ်၊ ကူညီပေးဖို့ပြောတယ်။”
စားနပ်ရိက္ခာနဲ့ထောက်ပံငွေကို ဟိုပုံးဒေသမှာရှိတဲ့ လုံခုတ်၊ ပေါင်လင်း ပြည်သူ့စစ်အဖွဲ့တွေကို နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းက ပေးခဲ့တာဖြစ်ပြီး ကျန်ပြည်သူ့စစ်တွေကိုလည်း ထပ်မံထောက်ပံ့သွားမယ်လို့ ပြည်သူ့စစ်ဌာနေအဖွဲ့တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်က ရှမ်းမြောက်ကိုကူညီဖို့ တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းတွေကို စစ်ကူလွှတ်ခဲ့တာလည်းရှိပါတယ်။
အရင်က ကစထမှူး ၂ ဖြစ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးအောင်အောင်ဟာ သူဝန်ကြီးချုပ်ဖြစ်လာချိန် ဟိုပုံးကွန်ပြူတာနဲ့ နည်းပညာကျောင်း(တကန) မှာ ဗိုလ်မှူးချုပ်သိန်းနိုင်ကို ပြည်သူ့စစ်သင်တန်းပေးဖို့ ညွှန်ကြားခဲ့တာလည်းဖြစ်ပါတယ်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသမှာ ရှမ်းပြည်နယ်အစိုးရအကူအညီနဲ့ ပြည်သူ့စစ်သင်တန်းတွေ ဖွင့်တာ ငါးကြိမ်ရှိပြီဖြစ်ပြီး စစ်လက်နက် ၃ ကြိမ်အထိ ထောက်ပံ့ထားပါတယ်။