Home
မြန်မာသတင်း
မတ္တရာ၌ စစ်တပ်ကင်းပုန်းစခန်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
January 26, 2024
277733634_1675748899456533_5973207597998930416_n

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာအနီး ချောင်းမကြီးအနောက်ဘက် ချောင်းဘောင်ပေါ်က စစ်အုပ်စုရဲ့ ကင်းပုန်းစခန်းငယ်တခုကို ဇန်နဝါရီ ၂၃ ရက် ည ၁၀ နာရီက ပါဆယ်မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ မတ္တရာမျိုးမှန်တပ်ဖွဲ့ထံက သိရပါတယ်။

မန္တလေး-မိုးကုတ် လမ်းမကြီး အရှေ့ဘက် ကျောက်တံတားကျေးရွာ မန္တလေးတူးမြောင်း (ဒေသအခေါ် ချောင်းမကြီး) အနောက်ဘက်ပေါင်ပေါ်မှာ စစ်အုပ်စု အင်အားခြောက်ဦးနဲ့ ကင်းပုန်းဝပ်နေတာဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေ၊ တဦး ပေါင်ပြတ်သွားပြီး ကျန်နှစ်ဦးမှာလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ သိရပါတယ်။

မတ္တရာ မျိုးမှန်တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက “ပါဆယ်မိုင်းဆွဲတိုက်ခိုက်မှုက ဇန်နဝါရီထဲမှာကို နှစ်ကြိမ်၊ ဇန်နဝါရီ ၆ ရက်နေ့က ကျောက်တံတားလမ်းဆုံ အရှေ့ဘက်က ဇရပ်ထဲမှာရှိတဲ့ စခကင်းပုန်းကို တကြိမ်၊ နောက် ၂၃ ရက်နေ့က တကြိမ် နှစ်ကြိမ်ရှိပြီ။ ပထမအကြိမ်မှာတော့ စခ သုံးဦးတောင် သေတယ်၊ နှစ်ဦး ပြင်းထန်ဒဏ်ရာ ပြင်းထန်တယ်။ အခု ၂၃ ရက်နေ့က ဒုတိယအကြိမ်မှာတော့ စခနှစ်ယောက်သေတယ်၊ တယောက်ပေါင်ပြတ်တယ်၊ နောက်နှစ်ယောက်ကတော့ ဒဏ်ရာ အနည်းငယ်ရရှိတယ်။ ဆိုတော့ ဒီဇန်နဝါရီ တလတည်းမှာ ကျောက်တံတားကျေးရွာထဲမှာရှိတဲ့ ကင်းပုန်းတွေကို နှစ်ကြိမ်တိတိ ကျ‌ေနာ်တို့ ပါဆယ်မိုင်းချပြီးတော့ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်” လို့ ပြောပါတယ်။

မတ္တရာမျိုးမှန်တပ်ဖွဲ့အနေနဲ့ ဇန်နဝါရီ ၆ ရက်က မန္တလေး-မိုးကုတ် လမ်းမကြီး အရှေ့ဘက် ကျောက်တံတားကျေးရွာ ဇရပ်အတွင်းက စစ်အုပ်စုကို မိုင်းဆွဲခဲ့တာကြောင့် ၃ ဦးသေကာ ၂ ဦး ဒဏ်ရာအသေးစား ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဇန်နဝါရီ ၁၃ ရက်ကလည်း ကျောက်တံတားကျေးရွာကနေ ငါးလုံးပြွန်ကျေးရွာဘက် ထွက်လာတဲ့ စစ်အုပ်စုရဲ့ ခွေးဘီလူးကားလေးတစီးကို ကျောက်တံတား-ငါးလုံးပြွန်ရွာအကြား ချောင်းမကြီးချောင်း အနောက်ဘက်ပေါင်ပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၃ ဦးသေကာ ၄ ဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့လည်း အဲဒီတပ်ဖွဲ့ထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024