Home
မြန်မာသတင်း
စစ်ကောင်စီကို ပိတ်ဆို့ဒဏ်ခတ်မှုအသစ် ချမှတ်သည့်အပေါ် လူ့အခွင့်အရေးအဖွဲ့များ ကြိုဆို
DVB
·
November 1, 2023

မြန်မာစစ်တပ်ကို လက်နက်တင်သွင်း ဖြန့်ဖြူးပေးနေသူတွေ၊ ငွေကြေးထောက်ပံ့နေတဲ့ ခရိုနီ ဦးတေဇရဲ့ သားတွေ အပါအဝင် ကုမ္ပဏီတွေ၊ စစ်ကောင်စီဝန်ကြီးတွေနဲ့ အရာရှိတွေကို ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါတို့က ပူးပေါင်းပြီး ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုအသစ်တွေ ထပ်မံ ချမှတ်လိုက်တဲ့အပေါ် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေက ကြိဆိုလိုက်ပါတယ်။

“စစ်အစိုးရ၊ ခရိုနီတွေနဲ့ လက်နက်ပွဲစားတွေကို ပစ်မှတ်ထားပြီး ကနေဒါ၊ ဗြိတိန်နဲ့ အမေရိကန်တို့ကြား ညှိနှိုင်းဆောင်ရွက်မှုတွေ တိုးလာတာက အပြုသဘောဆောင်ပြီး စစ်အစိုးရရဲ့ ဘဏ္ဍာငွေ၊ လက်နက်နဲ့ လေယာဉ်လောင်စာဆီ သုံးစွဲခွင့်ကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့ အရေးကြီးတယ်” လို့ Justice for Myanmar အဖွဲ့ ပြောခွင့်ရသူ မရတနာမောင်က ဒီဗွီဘီကို ပြောပါတယ်။

MOGE နဲ့ပတ်သက်တဲ့ အမေရိကန်ရဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ကန့်သတ်လိုက်တဲ့ ညွှန်ကြားမှုဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍကနေ ဝင်ငွေရပေါက်ကို ခက်ခဲစေနိုင်တဲ့အတွက် ကြိုဆိုရမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အမေရိကန်အနေနဲ့ MOGE ကို ပိတ်ဆို့အရေးယူမှုအပြည့်နဲ့ စစ်အစိုးရရဲ့ ဝင်ငွေရင်းမြစ်တွေကို ဆက်လက်ပစ်မှတ်ထားသင့်တယ်လို့ Justice for Myanmar က ပြောပါတယ်။

ဒီဇင်ဘာ ၁၅ ရက်က စတင်သက်ရောက်မှုရှိမယ့် အရေးယူမှုတွေထဲမှာ အမေရိကန် ကုမ္ပဏီတွေ၊ အမေရိကန်နိုင်ငံသားတွေအနေနဲ့ MOGE အပါအဝင် ပိတ်ဆို့ခံရတဲ့စာရင်းမှာ ပါဝင်တဲ့ ကုမ္ပဏီတွေနဲ့ မပတ်သက်ဖို့ ချေးငွေ၊ ဘဏ်၊ အာမခံ၊ ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေးဝန်ဆောင်မှု ကုန်သွယ်စီးပွားကိစ္စတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။

ဗြိတိန်က ပိတ်ဆို့မှုအသစ် ချမှတ်လိုက်တဲ့အထဲမှာ ထူးကုမ္ပဏီအုပ်စုရဲ့ အကြီးအကဲ ဉီးထူးထက်တေဇ ပါဝင်နေတဲ့အတွက် သူ့ရဲ့ကုမ္ပဏီကို ဒီဗွီဘီက အီးမေးလ်ပို့ မေးမြန်ခဲ့ပေမဲ့ သတင်းရေးတဲ့အချိန်အထိ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

အခုလို အနောက်နိုင်ငံ ၃ နိုင်ငံက ပိတ်ဆို့မှုတွေ ချမှတ်လိုက်တဲ့အပေါ် စစ်ကောင်စီ ပြန်ကြားရေးဘက်က သတင်းတစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးကတော့ ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်လိုက်တာဟာ မြန်မာြပည်သူတွေကို မမေ့သေးဘူးဆိုတာ ပြသလိုက်တာဖြစ်ပေမဲ့ နိုင်ငံတကာအနေနဲ့ ဒီထက်အများကြီး ပိုလုပ်ရဉီးမှာဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ပိတ်ဆို့အရေးယူမယ့် အသစ်တွေထဲမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ဗြိတိန်နဲ့ ကနေဒါတို့က အရေးယူတာ မရှိသေးဘူးလို့ တွမ်အမ်ဒရူးက ဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024