Home
မြန်မာသတင်း
ဖူးကြီးရေလှောင်တမံ ရေကျော်ပြီး မှော်ဘီတွင် ရေကြီး
DVB
·
October 10, 2023
HmawBiFlood09_10102023
HmawBiFlood08_10102023
HmawBiFlood07_10102023
HmawBiFlood06_10102023
HmawBiFlood05_10102023
HmawBiFlood04_10102023
HmawBiFlood03_10102023
HmawBiFlood02_10102023
HmawBiFlood01_10102023

‌ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ‌ဖူးကြီးရေလှောင်တမံမှာ ရေပိုလွှဲက ၄ ပေအထိ ကျော်တာကြောင့် ရေကြီးရေလျှံမှုနေပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဒေသခံ ပရဟိတသမားတွေက ပြောပါတယ်။

မှော်ဘီမြို့နယ် မြောင်းတကာရှိ ရွှေကျွန်းတောကျေးရွာ၊ အုပ်ဖိုစုကျေးရွာ၊ နှင်းဆီမြိုင်ရပ်ကွက်နဲ့ လက်ပံတန်းစုကျေးရွာတို့မှာ အောက်တိုဘာ ၈ ရက်တည်းက ဒီနေ့အချိန်ထိ မိုးသည်းထန်စွာရွာသွန်းပြီး အိမ်ခြေ ၂၀၀ ကျော်က လူ ၈၀၀ နီးပါး ရေဘေးသင့်နေပါတယ်။

ကူညီပေးနေတဲ့ ပရဟိတသမားတဦးက “ရေဘေးရှောင်စခန်းရယ်လို့ သီးသန့်တော့ ဖွင့်ထားတာ မရှိပါဘူး။ မြို့ထဲမှာတော့ ရေဘေးအန္တရာယ် ရင်ဆိုင်နေရတဲ့ လူ ၄၀ နီးပါးလောက်ကိုတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းကို ရွှေ့ပြောင်းထားရပါတယ်။ အခုက မိုးက ရွာနေတုန်းဖြစ်ပြီး ဖူးကြီးရေလှောင်တမံကလည်း ရေမလျော့သေးတော့ စိုးရိမ်စရာ အခြေအနေ ရှိနေတယ်။ ကျနော်တို့က ကူညီဖို့ အသင့်ပြင်ထားပါတယ်” လို့ ပြောပါတယ်။

ရေဘေးရှောင်သူတွေကို ပြည်သူတွေကူညီမှုကတ‌ဆင့် အစားအသောက် ပေးဝေတာမျိုး ရှိနေပေမဲ့ ရေတွင်းနဲ့ အဝီစိတွင်းတွေ ရေမြုပ်သွားတာကြောင့် ရေသန့်ကို အဓိကလိုအပ်ပြီး စားစရာတွေနဲ့ ဆေးဝါးတွေလည်း လိုအပ်နေဆဲဖြစ်တယ်လို့ သူကပြောပါတယ်။

မှော်ဘီမှာ ရေကြီးရေလျှံမှုကြောင့် အသက် ၃၀ အရွယ် အမျိုးသားတဦး ရေနစ်သေဆုံးခဲ့သလို စပါးခင်းတွေလည်း ရေနစ်မြုပ်နေပါတယ်။

တောင်သူတဦးက “မြုပ်နေတုန်းပဲဆိုတော့ ပျက်စီးမှု သေချာမသိသေးပါဘူး။ ရေပြန်ကျမှပဲ ပြောလို့ရမှာ။ ရက်ကြာ‌ရင်တော့ ရိပြီး ပျက်စီးသွားနိုင်ပေမဲ့ ရက်မကြာရင်တော့ အထွက်နည်းတာပဲရှိမှာ။ အခု ရေက မကျသေးလို့ ပျက်စီးဖို့များပါတယ်” လို့ ပြောပါတယ်။

မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရန်ကုန်တိုင်းမှာ မှော်ဘီ၊ လှည်းကူး၊ တိုက်ကြီးမြို့တွေမှာ ရေနစ်မြုပ်နေသလို ပဲခူးမြို့နဲ့ ကျိုက်ထိုမြို့တို့မှာလည်း ရေနစ်မြုပ်မှုတွေရှိနေပြီး ရေဘေးရှောင်နေရတဲ့သူတွေလည်း ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024