
အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးဌာနဝက်ဘ်ဆိုဒ်ကို နေပြည်တော်အခြေစိုက် အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီတခုဆီကနေ စက်တင်ဘာ ၉ ရက် မနေ့ညပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အိုင်တီဌာနတာဝန်ရှိသူက ပြောပါတယ်။
နည်းလမ်းဟောင်းတခုဖြစ်တဲ့ DDOS Attack စနစ်နဲ့ မြန်မာစံတော်ချိန် ည ၈ နာရီဝန်းကျင်က တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာ ဝန်ကြီးဌာနရဲ့ IT & Cybersecurity Department က ချက်ချင်းသိရှိခဲ့ပြီး ကာကွယ်နိုင်ခဲ့တယ်လို့ အိုင်တီဌာန တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဒေါက်တာ ကေ က ပြောပါတယ်။
ဝန်ကြီးဌာနအားလုံးရဲ့ ဝက်ဘ်ဆိုဒ်တွေ မကျစေဖို့ IT & Cybersecurity ဌာနက စောင့်ကြည့်ကာကွယ်ခဲ့ကြတဲ့အတွက် ဝက်ဘ်ဆိုဒ်တွေအားလုံး ပုံမှန်လည်ပတ်နေတယ် လို့လည်း ဆိုပါတယ်။
တဆက်တည်းမှာပဲ အခုလိုတိုက်ခိုက်တဲ့ IP ရဲ့ ISP (အင်တာနက်ဝန်ဆောင်မှုပေးသူ)ကို သိရှိထားပြီးဖြစ်သလို အခုလိုတိုက်ခိုက်တာတွေဟာ IT ဌာနကို အလုပ်နည်းနည်း ရှုပ်စေတာကလွဲလို့ ဘာမှ မထိခိုက်ဘူးလို့လည်း ဒေါက်တာ ကေ က ပြောပါတယ်။
တိုက်ခိုက်ခဲ့တဲ့ IP ဟာ နေပြည်တော်အခြေစိုက် IT Spectrum Company Limited ရဲ့ ISP ကို အသုံးပြုခဲ့တာဖြစ်ပြီး အဲဒီကုမ္ပဏီဟာ ၂၀၁၅ ခုနှစ်က နေပြည်တော်မှာ စတင် တည်ထောင်ခဲ့ပြီး ဝန်ကြီးဌာနတွေအပါအဝင် ကုမ္ပဏီ၊ အဖွဲ့အစည်း စတာတွေကို အင်တာနက်ဝန်ဆောင်မှု ပေးနေပါတယ်။
ဒေါက်တာ ကေ က “အခုလို တိုက်ခိုက်မှုတွေဟာ ဘာမှ အရာထင်မှာ မဟုတ်ဘူးဆိုတာ ပြောချင်တယ်။ သူတို့ အချက်အလက်တွေ အားလုံးကို မြင်နေရတယ်။ သူတို့ domain တွေ မြင်နေရတယ်။ နည်းပညာဆိုတာတော့ ဒီလိုပါပဲ။ ကျမတို့ဘက်ကလည်း စကစ ရဲ့ အခုရက်ပိုင်း ဝယ်ယူနေတဲ့ Jammer (ဆက်သွယ်ရေးလိုင်းဖြတ်စက်) အမျိုးအစားတွေ အားလုံး hack လို့ရထားပါတယ်” လို့ ပြောပါတယ်။
ဝယ်ယူပေးတဲ့ ကုမ္ပဏီ၊ ဝယ်ယူတဲ့ ပစ္စည်းအမျိုးအစားနဲ့ ဘယ်နေ့ ရောက်မယ်ဆိုတာက အစ အားလုံးကို ကြိုသိထားတာကြောင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန၊ Federal Wings Drone R& D ဌာနကို ပို့ပေးထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။