
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းရွာနားမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ ဩဂုတ် ၉ ရက်က ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ဘက် အယောက် ၃၀ ကျော်သေဆုံးပြီး လက်နက်အများအပြားလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အထူးကွန်မန်ဒို တပ်ရင်း တောင်ပိုင်းဆီက သိရပါတယ်။
KNLA၊ ရိုးမစစ်ကြောင်း-၂၊ တပ်ခွဲ-၂ ပူးပေါင်းတပ်ဖွဲ့တို့နဲ့ မနက်အစောပိုင်း ၄ နာရီကနေ နေ့လယ် ၁ နာရီထိ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF အထူးကွန်မန်ဒိုရဲဘော် တယောက်လည်း ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
၉ နာရီကြာ တိုက်ပွဲအတွင်း စစ်တပ်ဘက် စက်လက် ၁ လက်၊ MA 1 ၈ လက်၊ MA 2 ၁ လက်၊ MA3 ၁ လက်၊ MA 4 ၁ လက်၊ မိုင်းရှာစက် ၁ လုံး၊ ဒရုန်းပစ်တလက်၊ ကျည်အိမ် ၁၂ ခု၊ ၆၀ မမ ဗုံးသီးတချို့နဲ့ ကျည်ဆန်အများအပြား ရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် ပိန်းဇလုပ်အခြေစိုက် ခမရ-၂၆၄ အပြင် ကျောက်တံခါးမြို့နဲ့ သူဌေးကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကနေ လက်နက်ကြီး ပစ်ကူပေးခဲ့ပြီး လေကြောင်းနဲ့ ၂ ကြိမ် လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်ကလည်း တိုက်ပွဲဖြစ်ပွားနေချိန် ကျောက်တံခါးမြို့နယ် အတွင်းမှာရှိတဲ့ ဗောဓိကွင်း၊ နံဇ၊ သူဌေးကုန်း၊ တောင်ခင်၊ ရေတွင်းကုန်း စတဲ့ ကျေးရွာအုပ်စုက ပြည်သူတွေကို ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း မသွားလာကြဖို့၊ သမင်အင်းကုန်း-ကျောက်တံခါး၊ သမင်အင်းကုန်း-သူဌေးကုန်း ကားလမ်းမတွေပေါ် မသွားလာကြဖို့ အရေးပေါ် ထုတ်ပြန်ခဲ့ပါတယ်။