
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းတခုမှာ ဩဂုတ် ၇ ရက်က မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ပြိုကျတာကြောင့် သားအမိ နှစ်ယောက် သေဆုံးသွားတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီး နှစ်ယောက်ဟာ ဘာလိုကာလိဒုက္ခသည်စခန်းအမှတ် (၉)၊ အကွက် အမှတ် ( A+6)မှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဖြစ်ကြပြီး မနေ့ညနေက သူတို့ရဲ့ နေအိမ်အနားမှာ မြေပြိုကျလို့ အိမ်ပေါ်ကို မြေပိပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
ဒုက္ခသည်စခန်းတာဝန်ရှိသူတဦးက "မိုးရွာနေတာ နှစ်ပတ်လောက်ရှိနေပြီ၊ ဆက်တိုက်ကို ရွာနေတာ။ နားရင်လည်း ခဏပဲ။ မနေ့က ညနေ ၅ နာရီကျော်လောက်မှာ အကွက်အမှတ် (A) နားမှာ တောင်ကအိပြီးမြေပြိုကျတာ၊ မိသားစု နှစ်စုနေတဲ့အိမ် နှစ်လုံးပေါ်ကိုပိသွားတာ။ သားအမိ သုံးယောက် ပိသွားတာ။ ဒုက္ခသည်စခန်းက သာရေးနာရေးအဖွဲ့က လာကူညီ ကယ်ဆယ်ပေးတော့ တယောက်က ကယ်ထုတ်လိုက်နိုင်တယ်။ အမေနဲ့ သမီးတယောက်ကတော့ သေသွားတာ။ သူတို့အိမ်တွေက တောင်ခြေမှာ ဆောက်ထားတော့ အခုလိုဖြစ်ရတာ" လို့ ပြောပါတယ်။
၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်နဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေလုပ်ခဲ့လို့ သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ဆီ ထွက်ပြေးကြတဲ့အထဲမှာ အခု မြေပြိုကျပြီးသေဆုံးသွားတဲ့ မိသားစုလည်း အပါအဝင် ဖြစ်ပါတယ်။