
PDF လူငယ်ခေါင်းဆောင်ကောင်းဆိုတာ ပစ္စုပ္ပန်တိုင်းပြည်ရဲ့ သယံဇာတရတနာ အနာဂတ်တိုင်းပြည်ရဲ့ ခိုလှုံရာ ဘုံဗိမာန်ဖြစ်တယ်။ ကျနော်တို့က တော်လှန်ရေးမှာ PDF လူငယ်တွေကို ရသင့်ရထိုက်တဲ့ အခွင့်အလမ်းတွေကို ပေးတဲ့ မူဝါဒတွေ၊ အဲဒီမူဝါဒတွေကို အာမခံချက်ပေးနိုင်တဲ့ နည်းနာနဲ့ စနစ်ကောင်းတွေကို လိုလားတောင့်တပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုတလော ကျနော့်ညီငယ် PDF လူငယ်တချို့ စစ်ရေးတာဝန်တွေကနေ ထောက်ပို့တာဝန်ကို ကူးပြောင်းချင်ကြလို့ ပြောလာကြတာ ခပ်စိပ်စိပ် ဖြစ်လာတယ်။
ဥပမာ NUG ကဖြစ်စေ EAOs တွေကဖြစ်စေ ပြည်သူလူထု အဖွဲ့အစည်းအသီးသီးကဖြစ်စေ လူငယ်တွေကို အခွင့်အလမ်းနဲ့ တာဝန်ကျေပွန်မှုရဲ့ ဆုလာဘ်ပေးရမှာ စိုးရိမ်နေတဲ့ မူဝါဒ စနစ်မျိုးဆိုလို့ရှိရင် တိုင်းပြည်ရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် ဘယ်လိုမှ ကောင်းကျိုးမပြုနိုင်ဘူးလို့ ကျနော်မြင်ပါတယ်။
ဆရာကြီးဦးအောင်သင်းက ဘာပြောလဲ
ဆရာကြီးဦးအောင်သင်းက ပြောဖူးတယ်၊ ကမ္ဘာပေါ်မှာ လူငယ်တွေကြောင့် ဖြစ်တဲ့စစ်ဆိုတာ မရှိဘူးတဲ့။ အာဏာရူးတဲ့ လူကြီးတွေကြောင့် ဖြစ်တာများတယ်တဲ့။ ဒါပေမဲ့ စစ်တိုက်ထွက်ရပြီဟေ့ဆိုရင် တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုပြီး လူငယ်တွေက ရှေ့ထွက်တိုက်ကြရတာပဲတဲ့။ လူငယ်တွေအနေနဲ့လည်း လုပ်ရည်ကိုင်ရည် ရှိနေရုံနဲ့လည်း မပြီးသေးပါဘူး။ လုပ်သင့်လုပ်ထိုက်တာတွေ၊ ပြောသင့်ပြောထိုက်တာတွေကို အခြေအနေ အချိန်အခါသင့်တာနဲ့ တိုင်းပြည်ရဲ့အကျိုးကို ရှေးရှုပြီး ပြောရဲ၊ ဆိုရဲ၊ လုပ်ရဲ၊ ကိုင်ရဲ ကြဖို့လည်း အင်မတန် အရေးကြီးပါတယ်။
ဒီတော်လှန်ရေးကာလမှာ လူငယ်တွေဟာ ကိုယ့်အရည်အချင်းကို မကြွင်းမကျန် ထုတ်သုံးနိုင်တဲ့ နေရာမှာ ရှိနေဖို့ အင်မတန်အရေးကြီးပါတယ်။ တချို့အဖွဲ့အစည်းတွေက ဒါကို မသိဘူးနော်။ သိအောင်လည်း အားမထုတ်ဘူး။ စစ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူငယ်တွေရဲ့ အရည်အချင်းတွေ ပျောက်ကုန်မှာ စိုးရိမ်မိပါတယ်။ တချို့လူငယ်တွေရဲ့ အသံကို နားနဲ့မဆံ့အောင်ကို ကြားနေရတယ်။ လူငယ်တွေရဲ့ ထက်မြက်တဲ့ ဦးနှောက်တွေရဲ့ လုပ်အားကို အလဟဿ မဖြစ်ရလေအောင် တော်လှန်ရေးအဖွဲ့အစည်း အသီးသီးအနေနဲ့ ထိထိရောက်ရောက်၊ မှန်မှန်ကန်ကန်၊ နည်းစနစ်ကျကျ အသုံးပြုနိုင်မှ ဒီတော်လှန်ရေးက အမှန်တကယ် အမြန်ပြီးမြောက်မှာပါ။
လူငယ်တွေရဲ့ စိတ်ထဲ၊ နှလုံးသားထဲမှာ ဘာတွေများ ရှိမလဲလို့ လေ့လာဖို့ စိတ်မဝင်စားတဲ့ အဖွဲ့အစည်း ပတ်ဝန်းကျင်နဲ့ လက်နက်ကိုင်အဖွဲ့တွေမှာ PDF လူငယ်ခေါင်းဆောင်ကောင်းနဲ့ အရပ်ဘက်နဲ့ ချိတ်ဆက်နိုင်တဲ့ လူငယ်ကိုယ်စားလှယ်ကောင်းတွေ ရရှိပေါ်ထွန်းလာဖို့ဆိုတာ တော်လှန်ရေးမှာ မဖြစ်နိုင်ပါဘူး။ PDF လူငယ်တွေကလည်း ကိုယ်က တော်လှန်ရေးလုပ်တာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ကို ရယူတာသည် အဖွဲ့အစည်းအပေါ်နဲ့ ပြည်သူလူထုအပေါ် အနိုင်ကျင့် ဗိုလ်ကျ၊ လွှမ်းမိုးခြယ်လှယ်ဖို့ရန်အတွက် မဟုတ်ဘဲ မလေးမစားပြုကျင့်ဖို့ မဟုတ်ဘဲ အဖွဲ့အစည်းက လူငယ်တွေရဲ့ ပေါင်းစည်းအားကို အသိအမှတ်ပြု တန်ဖိုးထား လေးစားလာဖို့ရန်နဲ့ PDF လူငယ် ရဲဘော်ရဲဘက်တွေရဲ့ ကောင်းကျိုး၊ ပြည်သူလူထုရဲ့ ဘုံအကျိုးစီးပွားဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက်ပဲ ဖြစ်သင့်ပါတယ်။
ကိုအောင်ဆန်းရဲ့ ခံယူချက်
ခုအချိန်အခါဟာ ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ် ထွန်းကားအောင် ကြိုးစားနေရတဲ့အချိန် ဖြစ်ပါတယ်။ ဒီလို အချိန်အခါမျိုးမှာ ပေါ်ပြူလာဖြစ်ဖို့၊ လူကြိုက်များ စူပါစတား ဖြစ်ရေးထက် အရေးကြီးတာက လုပ်သင့်လုပ်ထိုက်တာ၊ ပြောသင့်ပြောထိုက်တာ၊ ရေးသင့်ရေးထိုက်တာတွေကို လူမုန်းခံပြီး ပြောဖို့၊ ရေးဖို့၊ လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။ နိုင်ငံရေးကို စိတ်ဝင်စားပြီး လုပ်ကြတဲ့ လူငယ်တွေကို သခင်အောင်ဆန်း၊ ကိုအောင်ဆန်း၊ ဦးအောင်ဆန်းရဲ့ လက်သုံးစကား အဆိုလေးကို ပြန်သတိပေးချင်မိပါတယ်။
“လုပ်ရဲတာ သတ္တိမဟုတ်၊ ခံရဲတာ သတ္တိ” တဲ့၊ ဒါကို တလွဲ အဓိပ္ပာယ်မကောက်ပါနဲ့။ ဘာမှ မတုံ့ပြန်ဘဲ ဖြစ်သမျှအကြောင်း အကောင်းဆိုတဲ့ သဘောမျိုးကို ပြောတာမဟုတ်ပါဘူး။ မိမိက လုပ်မယ်ဟေ့လို့ ဆုံးဖြတ်လိုက်တဲ့ အလုပ်၊ အဲဒီအလုပ်ရဲ့ အကျိုးဆက်တွေကို ကိုယ်က တာဝန်ယူရဲရမယ်။ တာဝန်ခံရဲရမယ်လို့ ဆိုလိုတာသာ ဖြစ်ပါတယ်။ တော်လှန်ရေးခရီးလမ်းဟာ တကမ်းတမ်းတော့ ကန္တာရခရီးကြမ်းပါ။ စူပါစတားဖြစ်ရေးလမ်း မဟုတ်သလို ပန်းခင်းတဲ့လမ်း၊ တာတိုလေး လျှောက်လှမ်းရတဲ့လမ်းလည်း မဟုတ်ပြန်ဘူး။ အဲဒီလို လမ်းလို့ထင်ပြီး မလျှောက်လှမ်းသင့်ဘူး။
တော်လှန်ရေးခရီးလမ်းဟာ တာဝေးပြေးလမ်း
ကျနော်ကတော့ တော်လှန်ရေးခရီးလမ်းဟာ တာဝေးပြေးလမ်းမှန်းလည်း သိပါတယ်။ ကန္တာရခရီးလမ်းမှန်းလည်း သိပါတယ်။ လိုအပ်ရင် လက်ဖျံရိုးနဲ့ ထိုးဖောက်ရမယ့် လမ်းမှန်းလည်း သိပါတယ်။ မာယာပလိမ်းအနန္တနဲ့ မင်းရေးကြွယ်တဲ့လမ်းမှန်းလည်း သိပါတယ်။ ညီအစ်ကိုချင်း၊ ရဲဘော်ရဲဘက်အချင်းချင်း နောက်ကျော ဓားနဲ့ထိုးပြီး အာဏာရဖို့ ဘာမဆို လုပ်မယ်ဟေ့ဆိုတဲ့ လူတွေရှိတဲ့ လမ်းမှန်းလည်း သိပါတယ်။ အဲဒီလို သိသိကြီးနဲ့ ရွေးပြီး လျှောက်ခဲ့တဲ့လမ်းမို့ မညီးမညူ ဆက်တော့ လျှောက်ရဦးမှာ အမှန်ပင်။
တနည်းအားဖြင့် နိုင်ငံရေးအလုပ်ဟာ လောကီအလုပ်ပါ။ သံသရာတွင်း ကြီးပွားရေးပါ။ ကုသိုလ်၊ အကုသိုလ် ရောလျက်ရှိပါတယ်။ ကုသိုလ်များအောင် လုပ်နိုင်ရင် အမြတ်ရပြီး၊ အကုသိုလ်များအောင် လုပ်မိရင်ဖြင့် နိုင်ငံရေးလုပ်ပြီး ရှုံးမည်ပင်။ အရှုံးမပေါ်အောင် နိုင်ငံရေး လုပ်တတ်ဖို့တော့ လိုအပ်ပါတယ်။ နိုင်ငံရေးတွေလုပ်ပြီး မွန်မြတ်တဲ့ ပရဟိတ အကြီးစားကြီး လုပ်ပြီး လောဘ၊ လိုချင်တပ်မက်မှု၊ ဒေါသ အလိုမကျ စိတ်ညစ်ညူးမှု၊ စိတ်မငြိမ်းချမ်းမှု၊ စိတ်အကျဉ်းကျမှု၊ မောဟ မသိနားမလည်မှု အသိဉာဏ်ပညာ၊ ကိုယ်ကျင့်သိက္ခာ တရားတွေ ယုတ်လျော့ ပဲ့ပါသွားရတယ်ဆိုရင်ဖြင့် မိမိနိုင်ငံရေးလုပ်ငန်းစဉ်မှာ အရှုံးပေါ်နေပါပြီ။
ချစ်ခြင်းမေတ္တာတရားနဲ့ မိတ်ကောင်းဆွေကောင်းတွေက ကိုယ့်ကိုစွန့်ခွာခံရပြီ ဆိုရင်လည်း နိုင်ငံရေးလုပ်ငန်းစဉ်က အရှုံးပေါ်နေပြီလို့ မှတ်ယူရမှာပါပဲ။ လမ်းခုလတ်က ဝင်ပြီး အကျော့သားလေး လူအထင်ကြီးခံရရုံ၊ ဖော်ရှိုး ရုပ်ပြ စတားလုပ်ချင်တဲ့စိတ်တွေ မွေးမြူဖို့သာ စိတ်အားထက်သန်နေရင်တော့ ကျနော်တို့ လူ့အဖွဲ့အစည်းက ပိုကောင်းလာမှာ မဟုတ်ပါဘူး။ နိုင်ငံကိုလည်း အကျိုးပြုနိုင်မှာ မဟုတ်ပါဘူး။
တော်လှန်ရေး ရေပေါ်ဆီ
ဒီလိုလူမျိုးတွေတွေ့ရင် လူငယ်ဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ် ဒီလို လူ့ရေပေါ်ဆီ လူတန်းစားတွေကို အားမကျကြပါနဲ့၊ အတုမယူကြပါနဲ့။ တကယ့် ခေါင်းဆောင်ကောင်းဆိုတာ တပည့်၊ နောက်လိုက် မွေးထုတ်တတ်တဲ့သူကို ပြောတာမဟုတ်ဘူး။ ခေါင်းဆောင်သစ်တွေကို မွေးထုတ်ပေးနိုင်သူကို ဆိုလိုတာဖြစ်ပါတယ်။ ငါမရှိလို့ မဖြစ်ဘူးဆိုတာ ဘာမှ ဂုဏ်ယူစရာ မရှိဘူး။ အဲဒါ ငါ ညံ့ဖျင်းနေသေးလို့သာ ဖြစ်ပါတယ်။
ငါ ဆိုတာ အနိစ္စ။ အမြဲရှိနိုင်တာ မဟုတ်ဘူးလေ။ ငါ ဆိုတာ နတ္ထိ။ အစိုးမရတာမို့ ငါသည် အချိန်မရွေး သေဆုံးပျောက်ကွယ်သွားနိုင်တယ်။ ဒါ့အတွက်ကြောင့် ငါမရှိလည်း ဖြစ်အောင် ဖန်တီး ပုံဖော် ထုဆစ် တည်ဆောက်ထားနိုင်မှ ဂုဏ်ယူစရာပါ။ ဘာတွေဖြစ်နေတယ်ဆိုတာ မြင်ကြ သိကြ ပြောတတ်ကြတာ ဘာမှ အထင်ကြီးစရာမရှိဘူး။ အဖြစ်တွေ အပျက်တွေကို ပြောပြနိုင်တာ၊ အကျိုးတရားတွေကို ဝေဖန်ထောက်ပြနေတာ ဘာမှ ပညာမပါသေးဘူး။ သင်ညာအဆင့်ပဲ ရှိသေးတာ။ တိုင်းပြည် ဒီလိုဖြစ်နေတာတွေဟာ ဒါကြောင့်။ လူကြီးတွေ ဒီလိုကျင့်ကြံနေတာ ဒါကြောင့်။ လူငယ်တွေ ဒီလိုဖြစ်နေတာ ဒါကြောင့်။ စသဖြင့် အကြောင်းအရင်းကိုရှာပြီး အမှန်တကယ် ဖြေရှင်းဆောင်ရွက်နေပြီး တခုခုကို ဇောက်ချလုပ်ကိုင်နေမှ အထင်ကြီးစရာပဲ။
နိုင်ငံ့အရေး ဝင်ချီ၊ ထွက်ချီ
ဒီတိုင်းပြည်က နိုင်ငံရေးပဲဖြစ်ဖြစ်၊ လူမှုရေးပဲဖြစ်ဖြစ်၊ လူငယ်အရေးပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် စိတ်ပါမှ ထ ထ လုပ်တတ်တဲ့ အကျင့်က ပါနေတာ။ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့် ပြည်ထောင်စုအဆင့် စသည်ဖြင့် ခေါင်းဆောင်အဆင့် တာဝန်ယူထားသူတွေက နောက်လိုက်စိတ်ဓာတ်နဲ့ သူများခိုင်းမှ လုပ်ချင်တယ်။ အခွင့်ထူးလေး ခံစားရမှ လုပ်ချင်တယ်။ အခကြေးငွေ လစာလေး မျိုးမျိုးမြက်မြက်ကလေးရမှ လုပ်ချင်တယ်။ အခွင့်အရေးလေးသာမှ လုပ်ချင်တယ်။ ဟိုတယ်မှာ ဇိမ်လေးနဲ့နေရမှ လုပ်ချင်တယ်။ စသဖြင့် ကိုယ်ကျိုးစီးပွားရမှ လုပ်ချင်တယ်။ ဒါမျိုးတွေရမှ လုပ်ချင်လို့ ဘယ်တော့မှ စိတ်စေတနာမှန်နဲ့ လုပ်နိုင်မှာ မဟုတ်ဘူး။
နိုင်ငံ့အရေးကို ဝင်ချီ၊ ထွက်ချီ လုပ်ချင်တယ်။ အဲဒီလို ခေါင်းဆောင်တွေက နောက်လိုက်စိတ်နဲ့ လုပ်နေသ၍ ဘယ်တော့မှ အကျိုးထင်မှာမဟုတ်ဘူး။ ကျွန်စိတ်ဓာတ်နဲ့ နိုင်ငံရေး၊ တိုင်းရေးပြည်ရေးတွေကို လုပ်နေသ၍ မြန်မာလူထု ကျွန်ဖြစ်နေဦးမှာပဲ။ အရင်က သူတပါး တိုင်းပြည်ရဲ့ ကျွန်။ အခု ကိုယ့်လူမျိုးအချင်းချင်းရဲ့ ကျွန်။ စီးပွားရေးရဲ့ ကျွန်။ နည်းပညာရဲ့ ကျွန်။ အဂတိတရားရဲ့ ကျွန်။ လောဘ၊ ဒေါသ၊ မောဟရဲ့ ကျွန်။ လိုချင်တပ်မက်မှုတို့ရဲ့ ကျွန်၊ အောင်မြင်မှုရဲ့ ကျွန်။ ကိုယ့်အတ္တရဲ့ ကျွန်။ လောကဓံတရားရဲ့ ကျွန်။ ကျွန်ဘဝကနေ ဘယ်သူတွေကများ အမှန်တကယ် တော်လှန်ပုန်ကန်ရဲကြလို့လဲ။ ဟန်ဆောင်တော်လှန်ရေး လုပ်နေကြတာပါပဲ။ တကယ်တမ်းက ကျွန်စိတ်မပျောက်ကြသေးပါဘူး။
တာဝန်ကြီးကြီးတွေ ယူထားကြပြီး တာဝန်ပျက်ကွက်တာကို ရှက်ရကောင်းမှန်းမသိသ၍ ဒီတိုင်းပြည် ဘယ်တော့မှ မကောင်းစားဘူး။ ကောင်းစားလည်း ခဏပဲ။ ရေရှည်ခံမှာ မဟုတ်ဘူး။ လူကြီးဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ် တာဝန်ကြီးကြီးယူရဲတယ်၊ တာဝန်ခံနိုင်တယ် ဆိုရင် ဒါ လူကြီးလူကောင်းပါပဲ။
အကြောက်တရားမှ လွတ်မြောက်ရေး
အကြောက်တရားဆိုတာ အဆိုးရွားဆုံးသော ရက်စက်ယုတ်မာမှု၊ မတရားမှုတွေကို အကျူးလွန်နိုင်ဆုံးသော အရာ။ အဂတိတရား ၄ ပါးထဲက တပါးအပါအဝင်ပဲ။ ဒါကို ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သိလို့ Freedom from fear ဆိုပြီး အကြောက်တရားမှ လွတ်မြောက်ရေး၊ အသိဉာဏ်ပညာတော်လှန်ရေးကို အရေးတကြီး တပ်လှန့်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ အဲဒီကိစ္စက လူကြီးတွေရော လူငယ်တွေပါ အရေးကြီးလာပါပြီ။
တကိုယ်ရည် ကောင်းစားရေးစိတ်ဓာတ်၊ ကိုယ်ကျိုးစီးပွား အနစ်နာခံတတ်တဲ့ စိတ်ဓာတ်တို့ကို မလေ့ကျင့် မပျိုးထောင်နိုင်ဘဲနဲ့တော့ နိုင်ငံရေး၊ ပရဟိတအရေး လုပ်ချင်တယ်လို့ ပြောကြရင်ဖြင့် ရေထဲမှာ အရုပ်ရေးဖို့ ကြိုးစားနေတာပဲ။ ကိုယ့်ကိုယ်ကိုယ် လိမ်နေတာသာ ဖြစ်မယ်။ တကယ် အမှန်တကယ် လူငယ်မျိုးဆက်တွေနဲ့ တိုင်းပြည်ကို ကောင်းစားစေချင်တယ်ဆိုရင် အပြောနဲ့မဟုတ်ဘဲ လက်တွေ့ ကာယကံမြောက် ပြုစုပျိုးထောင်ပေးကြပါ။ ထိထိရောက်ရောက် အောင်မြင်ပြီးမြောက်အောင် ဝိုင်းဝန်းကူညီ အားပေးကြပါ။
အဲဒီလို ဝိုင်းဝန်းကူညီအားပေးတာ၊ မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်တာဟာ ငါတို့အားလုံးရဲ့ ပစ္စုပ္ပန်တိုင်းပြည် (သယံဇာတရတနာ) နဲ့ အနာဂတ်တိုင်းပြည်တို့ရဲ့ ခိုလှုံရာ ဘုံဗိမာန်လေးကို ငါတို့အားလုံး အတူတကွ တည်ဆောက်နေတာ ဖြစ်တယ်လို့ ရင်ထဲ နှလုံးသားထဲက လေးနက်စွာ ခံယူ ယုံကြည်ကြဖို့ဖြစ်ပါတယ်...။
ဉာဏ်ပညာကို တန်ဖိုးထားပါ။ ကိုယ်ကျင့်တရားကို အားကိုးပါ။ သစ္စာတရားကို ကိုင်စွဲပါ။ ငြိမ်းချမ်းရေးကို ရှေးရှုပါ။ လွတ်မြောက်မှုဆီ ဦးတည်ပါ။
အရေးတော်ပုံ မုချအောင်မြင်ကြရမည်။