
နှစ် ၂၀ ကြာ
ထိုဒဏ်ရာ
အမာရွတ်တော့ကျန်ဆဲပါ။ ။
ဒေါ်အောင်ဆန်းစုကြည် အသက်ဘေးလွတ်ခဲ့ပေမဲ့ NLD အဖွဲ့ဝင်တွေ ရာနဲ့ချီ သေဆုံး ဒဏ်ရာရခဲ့တဲ့ ဒီပဲယင်း လူသတ်ပွဲကြီးကို စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင် ညွှန်ကြားခိုင်းစေပြုလုပ်ခဲ့တာ ဒီနေ့ ၂၀၂၃ ခုနှစ် မေ ၃၀ မှာ နှစ်ပေါင်း ၂၀ တင်းတင်း ပြည့်ခဲ့ပါပြီ။
ဒီနေ့ ဒီပဲယင်းမြို့မှာ လူငယ် ၃ ဦး “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” စာတန်းချိတ်ဆွဲပြီး နှစ် ၂၀ အထိမ်းအမှတ် ဆန္ဒပြခဲ့ကြတယ်။ ဂျပန်ပြည်ရောက် မြန်မာတွေကလည်း တိုကျို စစ်ကောင်စီ သံရုံးရှေ့ သွားပြီး ကြွေးကြော်သံတွေ၊ ဟောပြောပွဲတွေနဲ့ နှစ် ၂၀ အထိမ်းအမှတ် ဆန္ဒပြခဲ့ကြတာပေါ့။
ဒီပဲယင်း အကြမ်းဖက်မှုကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးယာဉ်တန်း မုံရွာကနေ ရေဦးမြို့အသွား ၂၀၀၃ မေ ၃၀ ညဦးပိုင်း (၈ နာရီအချိန်လောက်) ဒီပဲယင်းမြို့ဝင် ကြည်ရွာမှာ စနစ်တကျ စီမံပြင်ဆင်ထားပြီး လမ်းလျှောက်စကားပြောစက်တွေ၊ မှန်လုံကားကြီးတွေနဲ့ လာကြတဲ့ လူအုပ်ကြီးက ဆလိုက်မီးမောင်းကြီးတွေထိုးပြီး NLD အဖွဲ့ဝင်တွေ၊ ထောက်ခံသူ ရွာသားတွေကို ရိုက်နှက် သတ်ဖြတ်ခဲ့ကြတယ်။ ဒါပေမဲ့ အခု အနှစ် ၂၀ တိုင်တိုင် ကြာခဲ့ပေမဲ့လည်း ရိုက်နှက်သတ်ဖြတ်သူတွေကို အရေးမယူသေးပါဘူး။ ဒါပေမဲ့ အရိုက်ခံရသူတွေကိုတော့ နဝတ စစ်အစိုးရက ဖမ်းဆီးပြီး နှိပ်စက်ခဲ့၊ ထောင်နှစ်ရှည်တွေ ချထားခဲ့ပါတယ်။
ဒီပဲယင်းကျောက်စာ (ထိုက်သူနိုင်)
ကြယ်တွေ အားလုံး ချုံးပွဲချ
လမင်းမျက်လုံး…အဖောက်ခံရတဲ့ည၊
မိစ္ဆာမာန်ဖီ စစ်သွေးကြွ
သွေးစွန်းဓားတွေ အရောင်သ
မိုးချုန်းသံတွေ ကိုယ်ထင်ပြ
နှလုံးသားတွေကို ယစ်ပူဇော်တဲ့ည၊
သူရဲကောင်းတွေ ကျောတွေ ဖြန့်ခင်းကြ
အမှောင်ထုကို လက်ဆင့်ကမ်းကာကြ
အရိုးတွေကို မီးမြှိုက် အလင်းပေးကြ
အလင်းအတွက် အသက်တွေ ရင်းတဲ့ည။
ပန်းတွေ သွေးနံ့ထောင်းထောင်းထ
စမ်းတွေ စီးရင်း ခန်းခြောက်ရ
အံကြိတ်ရင်းနဲ့ နှုတ်ခမ်းတွေ ပြတ်တဲ့ည။ ။
ဒီ (ဒီပဲယင်းကျောက်စာ) ကဗျာကို ပြည်ပကနေ ရေးခဲ့တာပါ။ မေ ၃၀ ဒီပဲယင်းရိုက်ပွဲရဲ့ အကြောင်းစုံတွေဟာ ဒီကဗျာမှာ ထင်ဟပ်နေတာကြောင့် လူကြိုက်များခဲ့တဲ့ ကဗျာပါ။ ဒါပေမဲ့ စစ်အာဏာရှင်တွေကတော့ မကြိုက်ဘူးပေါ့။ ဒီကဗျာကို အမှန်တရားဘက်တော်သားတွေက ကြိုက်လွန်းလို့ သီချင်းအဖြစ် သံစဉ်သွင်းပြီး တီးခတ်သီဆို ထုတ်ဝေခဲ့ကြတဲ့အထိပါ။ ချင်းအဆိုတော် လင်းလင်းနဲ့ ကိုညိုတို့က သီဆိုခဲ့ကြပါတယ်။
ဒေါ်စုရဲ့ကားသမားက ပြန်ပြောပြချက်
ဒီပဲယင်းအကြမ်းဖက်မှုကြီးအတွင်း သူတို့ကို စွမ်းအားရှင်တွေက ရိုက်နှက်ခဲ့ကြောင်း ကိုယ်တိုင်အရိုက်ခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည် ကားဒရိုင်ဘာ ကိုကျော်စိုးလင်းက ပြောပါတယ်။ “ကျနော်တို့ကို ရိုက်တဲ့သူတွေက လက်ပတ်ဖြူပတ်ထားတဲ့ လူတွေ၊ ဘုန်းကြီးတွေလည်း ပါတယ်။ ဘုန်းကြီးတွေက များတယ်။ တုတ်တွေနဲ့ရိုက်တယ်။ သူတို့ သင်္ကန်းတွေထဲမှလည်း ဓားတွေပါတာကို တွေ့ရတယ်။ ရိုက်တယ်။ ရိုက်တာမှ စနစ်တကျပဲ။ တဖွဲ့ကရိုက်သွားတယ်။ နောက်တဖွဲ့က လဲနေသူတွေ ထပ်ရိုက်တယ်။ နောက်ဆုံး တအုပ်ကတော့ အသေရိုက်တယ်။ ဒေါ်စုရဲ့ အနီးကပ်လုံခြုံရေးတွေ သေကုန်ကြတယ်။ ဒီပွဲမှာ NLD က သေတာ ၂၀၀ ကျော်မယ်။ ဒေါ်အောင်ဆန်းစုကြည်တောင် ကားကို ကျနော်မောင်းပြေးလို့ လွတ်တာ” လို့ ကိုကျော်စိုးလင်းက ပြောပြခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကားမောင်းသူ ကိုကျော်စိုးလင်း အကူအညီနဲ့ ရိုက်နှက်သူတွေ လက်ကနေ လွတ်မြောက်ခဲ့ပေမဲ့ ရေဦးအရောက်မှာ အဖမ်းခံခဲ့ရပါတယ်။ သူ့ကို အင်းစိန်ထောင်မှာ ချုပ်နှောင်ထားခဲ့ပြီး နောက်ပိုင်း အကျယ်ချုပ် ပြောင်းလိုက်ပါတယ်။
ဒီတိုက်ခိုက်မှုကြီးအတွင်း NLD အဖွဲ့ချုပ်ဝင်တွေ၊ ဝန်းရံပြည်သူတွေ သေခဲ့ရပါတယ်။ မြန်မာစစ်အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲမှာတောင် လူ ၄ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ နဝတစစ်အစိုးရက အမှုမှန်ပေါ်ပေါက်ရေး ဖော်ထုတ် အရေးယူမပေးတဲ့အပြင် အဖွဲ့ချုပ်ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို နှစ်ကြာရှည် နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထားခဲ့ပါတယ်။
ဒီပရင်္ဂ (ကြည်မောင်သန်း)
ပုံပြင်ထဲက မြို့လည်း မဟုတ်
ဒဏ္ဍာရီထဲက မြို့လည်း မဟုတ်
ရာဇဝင်ထဲက မြို့တမြို့
ပုဂံခေတ်ထဲက ရှိတဲ့ မြို့တမြို့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တည်းကရှိတဲ့ မြို့တမြို့
သမိုင်းဝင် မြို့တမြို့။
ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့
ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။
အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးဝေးမှာ မူးမြစ်နဲ့
စိုက်ပျိုးရေးလုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။
သာသနိက အဆာက်အအုံတွေ ပေါများ
ရဟန်းပညာရှိ လူပညာရှိတွေ ထွန်းကား
တခြားမြို့တွေနဲ့ စီးပွားကူးသန်းသွားလာဖို့ လွယ်ကူ
ဘိုးတော်ဘုရား လက်ထက် စစ်တမ်းတွေအရ
အစည်ကားဆုံးမြို့ ၁၂ မြို့ထဲက မြို့တမြို့။
အလောင်းဘုရား လက်ထက်မှာ
အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကို စားရ
ဘိုးတော်ဘုရားလက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့ မြို့ဝန်။
ဘုံခန်းပျို့ဆရာ အရှင် အဂ္ဂသမာဓိ
စစ်သူကြီး မဟာဗန္ဓုလ
မုံတိုင်ပင် ဆရာအရှင်ဝံသ
အတုလဆရာတော် အရှင်ယသ
မြသိန်းတန် ဆရာတော် အရှင်ဇိန
အယူတော်မင်္ဂလာ ဦးနိုး
လယ်တီဆရာတော်
ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ။
ဒီမြို့မှာ
မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ်။
ဒီမြို့ကနေ
ကောက်ကျစ် ယုတ်မာတဲ့ မြို့ဝန် ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်။
ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်။
ဒီမြို့မှာ
သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်။
ဒီမြို့မှာ
လူငယ်လေးတယောက် သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်။
ဒီမြို့မှာ
အမျိုးသမီးတစ်ယောက် သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတယ်။
ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့ အဖြစ်အပျက်တွေ ရှိခဲ့တယ်။
တနေ့တော့
မိုးနည်းတဲ့ ဒီဒေသ
ဆောင်းတွင်းအခါ သမယမှာ
မိုးရွာဖို့ မဆိုထားနဲ့
မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမယ့်
ရုတ်တရက် မိုးကြီးရွာချလိုက်တယ်။
ဆင်ခြေရာတွေတောင်
တိမ်ကောပပျောက်သွားအောင် ရွာတဲ့မိုးမို့
အညာအခေါ် ဆင်ရာတိမ်မိုး တဲ့လေ။
မုံရွာ-ရေဦး လမ်းကို ဖြတ်သန်းရင်း
ဒီမြို့ကို ကားပေါ်က လှမ်းကြည်မိတဲ့အခါ
အတိတ်တစ္ဆေက ငါ့ကို ခြောက်လှန့်နေလေရဲ့။ ။
ကြည်မောင်သန်း ၂၀၀၈ ခုနှစ် ဇွန်လထုတ် ချယ်ရီမဂ္ဂဇင်း မှ
ဒီပဲယင်းကဗျာကြောင့် ချယ်ရီမဂ္ဂဇင်း သတိပေးခံခဲ့ရ
၂၀၀၈ ခုနှစ် ဇွန်လထုတ် ချယ်ရီမဂ္ဂဇင်းက ဒီပရင်္ဂဆိုတဲ့ ကဗျာဟာ လူကြိုက်များခဲ့သလို အရောင်းသွက်ခဲ့ရတဲ့ ချယ်ရီဟာ စာပေစိစစ်ရေးက မဂ္ဂဇင်း တာဝန်ရှိအယ်ဒီတာတွေကို ခေါ်ယူစစ်ဆေးခဲ့သလို ချယ်ရီက အမှုဆောင်အယ်ဒီတာတဦး အလုပ်က နုတ်ထွက်ခဲ့ရပါတယ်။
ဒီပရင်္ဂဟာ ဒီပဲယင်းမြို့ရဲ့ ရှေးသမိုင်းဝင်နာမည်ပါ။ ကဗျာဆရာ ကြည်မောင်သန်းက ဒီပဲယင်းအစား ဒီပရင်္ဂလို့ အမည်ပေးရင်း ဒီကဗျာကို စပ်ခဲ့တာပါ။ ကဗျာထဲမှာ မုံရွာရေဦးလမ်းပေါ်က သမိုင်းဝင် ဒီမြို့ကလေးက မဟာဗန္ဓုလလို သူရဲကောင်းတွေ၊ မုံတိုင်ပင် ဆရာတော် အရှင်ဝံဿ၊ မြသိန်းတန်ဆရာတော် အရှင်ဇိနတို့လို အကျော်အမော် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တွေ မွေးဖွားရာ ရှေးသမိုင်းဝင် မြို့ဟောင်းလေးလို့ စပ်ဆိုထားပါတယ်။ အခုတော့ ဒီမြို့မှာ သစ္စာဖောက်တွေရှိသလို အမျိုးသမီးတယောက် (ဒေါအောင်ဆန်းစုကြည်) သေကံမရောက် အသက်မပျောက် ဖြစ်ခဲ့ရပြီး လူငယ်လေးတယောက် ဆိုင်ကယ် ကျပျောက်ခဲ့ရတဲ့မြို့ ဖြစ်ပြီလို့ ကဗျာထဲမှာ စပ်ဆိုထားပါတယ်။ တကယ်တော့ ဒီကဗျာပါတဲ့ ချယ်ရီမဂ္ဂဇင်းဟာ ပုံနှိပ်ထုတ်ဝေ ဖြန့်ဖြူးခွင့် ကျပြီးခါမှ အပြစ်ပေးခံခဲ့ရတာပါ။ ထုတ်ဝေပြီး ၂ ပတ်အကြာ ၂၀၀၈ ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှာ ချယ်ရီက တာဝန်ရှိတဲ့ အယ်ဒီတာတွေကို စာပေစိစစ်ရေးက ခေါ်ယူပြီး ဒီကဗျာရွေးချယ်ခဲ့တဲ့ အယ်ဒီတာ ကိုဌေးအောင်ကို အလုပ်က ထုတ်ပယ်ပေးလိုက်ရတဲ့အထိ အပြစ်ပေးတာ ခံခဲ့ရပါတယ်။ ဒါက ဒီပဲယင်းလူသတ်ပွဲနဲ့ ပြည်တွင်း စာပေမဂ္ဂဇင်းတခုရဲ့ ဆက်စပ် ပတ်သက်ခဲ့တဲ့ သမိုင်းကြောင်းပါ။
အညာသမိုင်းထဲကမြို့တမြို့ (မောင်လွမ်းဏီ)
အဲဒီမြို့မှာ
ကျောက်စာတခု
ကဗျာဆရာတဦး ထွင်းထုခဲ့တယ်။ +
အဲဒီမြို့မှာ
သူရဲကောင်းတွေ
ပျောက်ဆုံးခဲ့ကြ၊
သစ္စာဖောက်တွေ
အတောင်ပေါက်ကြ၊
လူငယ်လေးတယောက်
သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရ၊
အမျိုးသမီးတယောက်
သေကံမရောက်၊ သက်မပျောက်ဖြစ်ခဲ့ရ၊
အံကြိတ်ရ တောက်ခေါက်ရ
အဖြစ်အပျက်တွေထဲ
ကဗျာဆရာတယောက်လည်း
ကြေကွဲထိရှ ပေါက်ကွဲခဲ့ရ။ ++
လေးဆယ့်ငါးဖွား
မိန်းမသားကို
တရားစောင့်ရှောက်ခဲ့တာကို။
နှစ်ထောင့်သုံး
မေသုံးဆယ်
လွတ်တော်မူခန်း။
ဇာတ်လမ်းအဆက် ကြည်ရွာထက်မှာ၊
တရက်ရုံတင်နိုင်ပေလိမ့်။
မောင်လွမ်းဏီ
၆-၆-၀၉
+ ထိုက်သူနိုင်ရဲ့ ဒီပဲယင်းကျောက်စာ
++ ကြည်မောင်သန်းရဲ့ ဒီပရင်္ဂ
အခုဆိုရင် ဒီပဲယင်းလူသတ်ပွဲကြီး ဖြစ်ခဲ့တာ နှစ် ၂၀ နှစ်ကြာခဲ့ပါပြီ။ တရားခံတွေကတော့ လွတ်နေဆဲ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နဝတစစ်အစိုးရလက်ချက် ဖြစ်တယ်လို့ တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ စွပ်စွဲနေကြပေမဲ့ သက်သေခိုင်လုံတာတော့ မရှိပါ။ ဒီလို ဒီပဲယင်းသတင်းတွေအထဲမှာ ဒီပဲယင်းတရားခံကို ခန့်မှန်းလို့ ရနိုင်ခြေရှိတဲ့ ကိုယ်တွေ့ သမိုင်းစာအုပ်တအုပ် ထွက်ရှိလာခဲ့ပါတယ်။ စာအုပ်ရေးသူကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင် ဒီပဲယင်းသတ်ပွဲလုပ်ဖို့ ညွှန်ကြားတဲ့ အစည်းအဝေးထဲပါခဲ့တဲ့ ဦးခင်ညွန့်ပါ။ သူက “ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝ အထွေထွေ” စာအုပ်ကိုရေးပြီး ဖော်ပြထားခဲ့တာပါ။ ဖော်ကောင်ခင်ညွန့်ပေါ့။
ဦးခင်ညွန့်စာအုပ် အခန်း ၂၆ ဒီပဲယင်းအကြောင်း
အခန်း ၂၆
ဒီပဲယင်းအဖြစ်အပျက်နှင့် ကျွန်တော်
ဒီအဖြစ်အပျက်နဲ့ပတ်သက်၍ ကျွန်တော် မသိပါဟု ပြောလျှင် ကျွန်တော် လိမ်ရာရောက်ပါမည်။ ကျွန်တော်က အတွင်းရေးမှူး (၁) ဆိုတော့ ဒီကိစ္စကလည်း နိုင်ငံရေးဖြစ်စဉ် ဖြစ်တာကြောင့် ကျွန်တော် မသိ၍မဖြစ် သိပါသည်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ယာဉ်တန်းရှည်ကြီးဖြင့် ရှေ့ပြေး မော်တော်ဆိုင်ကယ် အုပ်စုကြီးဖြင့် လှည့်လည်ကာ စည်းရုံးရေးတရားတွေ ဟောနေသည့်အချိန် ဖြစ်ပါသည်။ ဒီလို အုတ်အော်သောင်းနင်း ဖြစ်ပေါ်နေသည့်အချိန်ဆိုတော့ အစိုးရအဖွဲ့အတွက် စိုးရိမ်စိတ် ဖြစ်ပေါ်နေတာကတော့ အမှန်ဖြစ်ပါသည်။
ဒီလိုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းရှည်ကြီးဟာ မန္တလေးမှထွက်ခွာပြီး လမ်းတလျှောက် စည်းရုံးရေးတရားတွေ ဟောရင်းနဲ့ မုံရွာမြို့လည်းရောက်ရော နအဖ ဥက္ကဋ္ဌ (ဦးသန်းရွှေ) က ကျနော်တို့လူကြီးပိုင်း ၅ ယောက်၊ ၆ ယောက်ကို သူ့အခန်းသို့ ခေါ်လိုက်ပါသည်။ ကျနော်တို့ လူလည်းစုံရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို တားဆီးရမယ်၊ ဖြစ်တဲ့နည်းနဲ့ တားဆီးရမယ်လို့ ပြောပါတယ်။ ထိုအချိန်တွင် ကျနော်ကပဲ အကြမ်းဖက် တားဆီးတာမျိုး မလုပ်သင့်ကြောင်း ပြောသောအခါ ကျနော်တင်ပြမှုကို လူကြီးက သဘောမတူပါ။ အဲ့ဒါကလည်း ကျနော်အတွက် ကောင်းသည်ဟု မြင်ပါသည်။ ဒီမှာတင်ပဲ ဒီကိစ္စနဲ့ပတ်သက်၍ ကျနော်ကို လုံးဝ တာဝန်မပေးတော့ဘဲ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းကို ဦးဆောင်စေကာ အဖွဲ့ဝင်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်ကို လိုက်ပါစေလျက် ရဟတ်ယာဉ်ဖြင့် မုံရွာမြို့ကို လိုက်ပါစေပါသည်။
ကျွန်တော့်မှာလည်းတာဝန်ရှိပါသည်
ထိုအချိန်က တိုင်းမှူးကတော့ ဗိုလ်မှူးချုပ်စိုးနိုင် ဖြစ်ပါသည်။ အသေးစိတ် စီစဉ်ညွှန်ကြားမှုတွေတော့ မသိတော့ပါ။ သို့သော် ထောက်လှမ်းရေးတပ်ဖွဲ့တွေက တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းမှာ တိုင်းမှူး၏ ကွပ်ကဲမှုအောက်မှာ ရှိတာကြောင့် တချို့ဖြစ်စဉ်တွေကို ကျနော်သိနေရတာ အမှန်ပဲဖြစ်ပါတယ်။ ထို့ကြောင့် ဒီဖြစ်စဉ်ကြီး တခုလုံးမှာ ကျနော် ဦးဆောင်ပါဝင်ရခြင်း မဟုတ်သော်ငြားလည်း ကျနော်သည် အစိုးရအဖွဲ့ဝင် ထိပ်ပိုင်းခေါင်းဆောင်တယောက် ဖြစ်တာကြောင့် ကျနော်မှာလည်း တာဝန်ရှိသည်ဟု ခံယူပါသည်။ အစိုးရအဖွဲ့ဆိုတာ အဖွဲ့ဝင်အားလုံး တိုင်ပင်ခြင်း၊ အသိပေးခြင်းဖြင့် လုပ်ငန်းတခုကို အကောင်အထည်ဖော်ရတာ ဖြစ်သောကြောင့် ဘယ်လိုကိစ္စရပ်မျိုးပဲဖြစ်ဖြစ် ဖြစ်ပေါ်လာသည့် အကြောင်းတရားနဲ့ အကျိုးဆက်များအပေါ်မှာ အစိုးရအဖွဲ့ဝင်အားလုံးမှာ တာဝန်ရှိကြတာပါပဲ။ အားလုံးက တာဝန်ခံကြရမှာ ဖြစ်ပါတယ်ဟူ၍ ပြောလိုပါတယ်။
အထက်စာသားတွေကတော့ ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) ရေးတဲ့ ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝ အထွေထွေ စာအုပ်ပါ ဒီပဲယင်းအကြောင်း ကူးယူဖော်ပြချက် ဖြစ်ပါတယ်။ တွင်း (၁) နအဖကြီး ခင်ညွန့်ကိုယ်တိုင် ဖော်ကောင်ပါပဲ။
ဒီပဲယင်းနှစ် ၂၀ သင်ခန်းစာ
၂၀၀၃ ခုနှစ် မေလ ၃၀ ရက် သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်း အကြမ်းဖက် လုပ်ကြံမှုကြီး နှစ် ၂၀ ရှိလာပြီ။ နှစ်ပေါင်း ၂၀ အကြာ ကျနော်တို့တတွေဟာ သင်ခန်းစာတွေ ယူကြရတော့မှာပါ။ စစ်ကောင်စီဟာ ဒီပဲယင်းမှာ စနစ်တကျ သတ်ဖြတ် အကြမ်းဖက်ပြခဲ့တယ်။ NLD တွေ ဝန်းရံပြည်သူတွေ ကြောက်သွားအောင် လုပ်ခဲ့တယ်။ ပြည်သူလူထုက မကြောက်ဘဲ ရှေ့တိုး တိုက်ပွဲဆက်ဝင်ခဲ့လို့ NLD အစိုးရတောင် ဖြစ်လာခဲ့ပြီးပါပြီ။ ဒါကြောင့် စစ်အာဏာရှင် ဆိုတာ မစေ့စပ်သင့်သူ၊ အပြုတ်တိုက်မှ ရမယ့်သူ ဆိုတာကို ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သင်ခန်းစာ ယူကြရတော့မှာ ဖြစ်ပါတယ်ဗျာ။ ။