
ကျုပ်တို့ဟာအညာသားဖြစ်တယ်။ တမာတန်း၊ ထန်းတောရိပ်၊ ကုက္ကိုပင်နဲ့ ထနောင်းတောတို့ ပေါတဲ့ အညာဒေသကပါ။ ကျုပ်တို့ဟာ လယ်ယာစိုက်ပျိုးရေးအလုပ်ကို အဓိကထားလုပ်ကိုင်တဲ့ အညာဒေသက ဖြစ်တယ်။ အပူချိန်မြင့်တဲ့ အညာဒေသက ညိုညိုမည်းမည်း အသားရောင်ပိုင်ရှင် အညာသားတွေ ဖြစ်ကြတယ်။ ကြိုက်ရင် ကြိုက်တယ်၊ မကြိုက်ရင် မကြိုက်ဘူး၊ ဘွင်းဘွင်း ရှင်းရှင်း ပြောတတ်တဲ့ အညာသားတွေဖြစ်တယ်။ ဇိမ်ခံကားအကောင်းတွေ မစီးဘူးတဲ့၊ တန်ဖိုးကြီး နည်းပညာပစ္စည်းတွေ မသုံးဘူးတဲ့ အညာသားတွေဖြစ်တယ်။ ပရိယာယ်ဝေဝုစ် ဆိုတာ နားမလည်တဲ့ အညာဒေသကဖြစ်တယ်။ ကျုပ်တို့ဟာ ရှေးဦးလူသားတို့ နေထိုင်ခဲ့ကြတယ်ဆိုတဲ့ အညာဒေသက တိဗက်တိုဘားမန်းတွေ ဖြစ်တယ်။
ကျုပ်တို့ အညာတခွင်မှာ လွတ်လပ်ရေးရပြီးနောက် ရောင်စုံသူပုန်ကာလပြီးကတည်းက ဘယ်လက်နက်ကိုင်တိုက်ပွဲကိုမှ မကြုံဘူး၊ မကြားဖူးဘူး။ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ကင်းကွာနေခဲ့တာ ကြာပြီ။ ကျုပ်တို့ဟာ ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည် ခေါ် အမေစုကို ချစ်တယ်။ သူမပါတီကို ထောက်ခံတယ်။ မဲထည့်တယ်။ ကျုပ်တို့ရဲ့ အသည်းကြားက မဲတပြားဟာ အမေစုပါတီအတွက်ပဲ ဖြစ်တယ်။ ကျုပ်တို့ဟာ နိုင်ငံရေးအကြောင်း သိပ်နားမလည်ဘူး။ ဒါပေမဲ့ ဗိုလ်သန်းရွှေတို့၊ ဗိုလ်ခင်ညွန့်တို့လို တိုင်းပြည်ကိုဖျက်ဆီးတဲ့ စစ်အာဏာရှင်ကြီးတွေကို မုန်းတယ်။ ကျုပ်တို့ အလုပ်အကိုင်လုပ်ရာမှာ ဟိုစွက်ဖက် ဒီစွက်ဖက်နဲ့ နားမလည် ပါးမလည် စစ်အာဏာရှင်တွေကို မုန်းတယ်။ မုန်းလို့ မုန်းတဲ့အကြောင်း၊ မကြိုက်လို့ မကြိုက်တဲ့အကြောင်း ပြောရဲတဲ့ ကျောင်းသားတွေ၊ နိုင်ငံရေးလုပ်သူတွေအပေါ် ထောင်ချနှိပ်စက်တာကို မုန်းတယ်။ အမေစုကိုလုပ်ကြံဖို့ ကြိုးစားတဲ့ စစ်အာဏာရှင်တွေကို မုန်းတယ်။ တခါတလေမှာ ကျုပ်တို့ဟာ နားမလည် ပါးမလည်နဲ့ နယ်စပ်တောင်တန်းက တိုင်းရင်းသားတွေရဲ့ဘဝကို စာနာမှုနည်းခဲ့ကြတယ်။ ရွာစဉ်ရွာတိုက် မြေလှန်ဖျက်ဆီး၊ မုဒိမ်းကျင့်၊ လေကြောင်းက တိုက်ခိုက်ခံနေရတဲ့ သူတို့ တိုင်းရင်းသားတွေရဲ့ ဘဝတွေကို ကျုပ်တို့ အပြည့်အဝ နားမလည်ခဲ့ကြဘူး။ ကျုပ်တို့ဘဝတွေထက် ပိုပြီး အခြေအနေဆိုးကြောင်း အကုန်အစင် သိနားလည်ခြင်း မရှိခဲ့ဘူး။
အခုဆို နွေဦးတော်လှန်ရေးဆိုတဲ့ စစ်အာဏာရှင်တော်လှန်ရေးကြီး ပေါ်လာပြီ။ ၈၈ ကထက်လည်း ပိုပြီးအားကောင်းတယ်။ ကျုပ်တို့ ရွေးကောက်တင်မြှောက်တဲ့ အစိုးရကို လက်နက်အားကိုးနဲ့ ဖြုတ်ချတာက တော်လှန်ရေး အစပြုခဲ့တာပဲ။ လက်နက်ရှိတယ်၊ အချိန်မရွေး တိုင်းပြည်အုပ်ချုပ်နိုင်တယ်ဆိုတဲ့ အချိုးမျိုး ကျုပ်တို့မကြိုက်ဘူး။ တတိုင်းပြည်လုံးက ပြည်သူတွေနဲ့အတူ လမ်းမပေါ်ထွက် ဆန္ဒပြကြတယ်။ ကျုပ်တို့တောင်းတာ ဒီမိုကရေစီ။ ကျုပ်တို့တောင်းဆိုတာ ပြည်သူ့အစိုးရ။ စစ်တပ်ဆိုတဲ့ အဖွဲ့အစည်းက ပြန်ပေးတာက ကျည်ဆန်တွေ၊ အကျဥ်းထောင်တွေ။
မတရားတာလည်း လုပ်သေး၊ လူလည်း သတ်သေး။ အဲဒီလိုကောင်တွေကို “ပါးတဖက် ရိုက်ခံရရင်၊ နောက်ပါးတဖက် ထိုးပေးလောက်တဲ့အထိ ကျုပ်တို့ အညံ့ခံလို့မဖြစ်။” ဓားမိုးအုပ်ချုပ် အနိုင်ကျင့်သူတွေကို ဓားဆွဲမတော်လှန်ဘူးဆိုရင် အဲဒီလူမျိုးဟာ ကျွန်ဘဝနဲ့ပဲ ထိုက်တန်တယ်ဆိုတဲ့ ဆရာကြီး ဗန်းမော်တင်အောင်ရဲ့ စကားကို ကျုပ်တို့ ကြားယောင်လာတယ်။ ကျုပ်တို့ ညီနောင်တိုင်းရင်းသားတွေနဲ့အတူ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ကာ တိုက်ပွဲဝင်ခဲ့ကြတယ်။
အဲဒီလို တိုက်ပွဲဝင်ရင်းနဲ့ ကျုပ်တို့ တဖြည်းဖြည်း သိလာရတယ်။ ဘာလဲဆိုရင် စစ်တပ်ဟာ သူ့အာဏာနဲ့ပတ်သက်လာရင် လူမျိုး၊ ဘာသာ၊ ဒေသမရွေး အကုန်သတ်ဖြတ်တယ် ဆိုတာပဲ။ ကျုပ်တို့ မျက်ဝါးထင်ထင် ကြုံရတယ်။ ကျုပ်တို့လို ဗမာတွေ၊ ဗုဒ္ဓဘာသာဝင်တွေကိုလည်း အကြမ်းဆုံး၊ အရမ်းဆုံးနည်းတွေနဲ့ ပစ်ခတ်တယ်။ အကြမ်းဖက်တယ်။ မြေလှန်တယ်။ ဒီလို ဘဝပေးအခြေအနေတွေကြောင့် ဖက်ဆစ်တပ်ကို အမြစ်ဖြတ်မှရမယ်ဆိုတဲ့ အသိဟာ ကျုပ်တို့မှာ ပိုလို့ခိုင်မာလာတယ်။ အခုဆို ကျုပ်တို့အညာဒေသဟာ တော်လှန်ရေးရဲ့ တပ်ဦးဖြစ်လာသလို စစ်တပ်ကို အရွံမုန်းဆုံးဒေသလည်း ဖြစ်လာခဲ့တယ်။ တိုင်းရင်းသား ဒေသတွေက လူတွေကို ကျုပ်တို့ အပြည့်အဝ နားလည်လာခဲ့ပြီ။
အခုစာရေးရင်းနဲ့ ကျုပ်တို့ အညာဒေသက ကန့်ဘလူဆိုတဲ့ အရပ်မှာ စစ်တပ်က ဗုံးကြဲလို့ ပြည်သူ ၁၀၀ ကျော် သေဆုံးသွားပြီတဲ့။ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးမိခင်တွေလည်း ပါတယ်တဲ့။ ပြည်သူစစ်စစ်တွေကို တိုက်ခိုက်တာဖြစ်တယ်။ ဒီတိုက်ခိုက်မှုဟာ အာဏာသိမ်းပြီးစကနေ ယနေ့အထိ လေကြောင်းတိုက်ခိုက်မှုတွေထဲမှာ အကြီးမားဆုံး ဖြစ်သွားပြီ။ လူအသေအပျောက်အများဆုံး အကြမ်းဖက်မှုဖြစ်သွားပြီ။ ဗမာက ဗမာအချင်းချင်းကို သတ်ဖြတ်တာပဲ။ ဗုဒ္ဓဘာသာဝင်တွေကို သတ်ဖြတ်တာပဲ။
မှန်တယ်။ ဆိုခဲ့သလိုပဲ ကျုပ်တို့အညာဒေသဟာ တိုက်ပွဲတွေနဲ့ ကင်းဝေးတာ နှစ်ချီကြာပြီဖြစ်တယ်။
ဘယ်လက်နက်ကိုင်အဖွဲ့အစည်းရယ်လို့ မရှိခဲ့ဘူး။ အခု နွေဦးတော်လှန်ရေးရောက်မှ လက်နက်ဆိုတာ ကိုင်ဖူးလာတာ။ ဒါပေသိ အားမနာစတမ်းပြောရရင် တော်လှန်ရေးကာလ ၂ နှစ်၊ ၃ နှစ်ထဲ ဝင်လာပေမဲ့ ကျုပ်တို့ အညာသားတွေဆီမှာ လက်လုပ်သေနတ်တွေသာ ရှိတုန်းပဲ။ အဆင့်မြင့်သေနတ်ဆိုတာ အနည်းအကျဥ်းပဲရှိတယ်။ တောမရှိ၊ တောင်မရှိ လွင်ပြင်ဒေသကို ဗဟိုပြုပြီး ကျုပ်တို့ အညာသားတွေဟာ ရရာလက်နက်စွဲကိုင်ကာ တော်လှန်နေကြတယ်။ အခြေအနေတွေက အတော်ဆိုးလာတယ်။ လူအင်အားများပြီး လက်နက်ခဲယမ်း အားနည်းတဲ့ ကျုပ်တို့ကလည်း တယောက်ကျ၊ ဆယ်ယောက်တက်စနစ်နဲ့ တုံးတိုက်တိုက် ကျားကိုက်ကိုက် အကြမ်းဖက်စစ်တပ်ကို ရင်ဆိုင်နေတယ်။ ရန်သူကလည်း မြေနဲ့ ရေသာ ကျန်ရင်ပြီးရော ဆိုပြီး ကျုပ်တို့ အညာဒေသကို အငြိုးတကြီးနဲ့ အပြင်းအထန် ချေမှုန်းနေတယ်။
မှန်တယ်။ နဂိုကဆိုရင် ကျုပ်တို့အညာဟာ လယ်ကွင်းလွင်ပြင် စိမ်းစိုစိုနှင့်။ သစ်အုပ်သစ်တန်း ကြည်နူးမခန်းပဲ။ မချမ်းသာပေမဲ့ သောင်သာတယ်။ ငြိမ်းချမ်းတယ်။ ကြည်နူးစဖွယ်အတိပဲ။ အခုတော့ စစ်ခွေးတွေရဲ့ ယုတ်မာရက်စက်မှုကြောင့် အကုန် ကုန်ပြီ။ ပိုင်ဆိုင်မှုတွေ ဘာမှမရှိတော့။ နှောင်ကြိုးမှတပါး ဘာမှမကျန်တော့။ တချို့ဆို နှောင်ကြိုးတောင် မရှိတော့။ အခုချိန်ထိ ကျုပ်တို့အညာဟာ စင်စစ် ဘယ်အဖွဲ့အစည်းရဲ့ လောက်လောက်လားလား အကူအညီမှ မရပေသိ အညာသားအချင်းချင်း မရှိ ရှိတာနဲ့ ကူညီကာ တော်လှန်ရေးကို ရှေ့ဆက်နေကြတယ်။ ကျုပ်တို့ အညာဒေသ လူမကုန်သရွေ့ သင်းတို့ လုံးဝအုပ်ချုပ်ခွင့်မရစေရ ဆိုတဲ့ ပြင်းပြတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ တော်လှန်ရေးကို ချီတက်နေဆဲဖြစ်တယ်။ တချို့သော တိုင်းရင်းသားတွေ ခေါ်ကြတဲ့ ဗမာစစ်တပ် ဆိုတာကို ကျုပ်တို့ အညာသား ဗမာတွေကိုယ်တိုင် ပြတ်ပြတ်သားသား တိုက်ခိုက်နေကြတာပဲ ဖြစ်တယ်။
တင်ဦး