Home
ဆောင်းပါး
အသုဘရှုနေရတဲ့ နိုင်ငံတော်မှာ အပျော်အပါးငမ်းတဲ့ လူ့လောက်လမ်းများ မဖြစ်စေဖို့
DVB
·
April 5, 2023
Article 1

မကြာခင်မှာ နိုင်ငံရဲ့လူများစုဖြစ်တဲ့ မြန်မာလူမျိုးတို့ရဲ့ ပြက္ခဒိန်အရ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတော့မှာ ဖြစ်ပါတယ်။ ပုံမှန်အခြေအနေမှာဆိုရင်တော့ တိုင်းပြည်မှာ နှစ်သစ်ကူးပွဲတော် အတာသင်္ကြန်အတွက် လှုပ်လှုပ်ရွရွ ပြင်ဆင်နေကြသလို သင်္ကြန်တေး တူးပို့သံတွေ၊ သံချပ်တိုက်သံတွေနဲ့ နွေဦးလေပြည်မှာ ပျံ့လွင့်နေလေ့ ရှိပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေ အစစ်အမှန်ဟာ စစ်မိစ္ဆာ ဘီလူးသဘက်တွေရဲ့ ဖိနပ်အောက်မှာ သွေးအလူးလူးနဲ့ ရှင်သန်နိုင်ဖို့ အပြင်းအထန် ရုန်းကန်‌နေရချိန် ဖြစ်ပါတယ်။ အာဏာလုတဲ့ ၂ နှစ်ကျော်ကာလအတွင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ ၃,၁၅၈ ဦးရှိပြီး အဲ့ဒီအထဲမှာ သက်ကြီးရွယ်အို အဘိုးအဘွားတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးသူငယ်တွေ၊ မုဒိမ်းကျင့် သတ်ဖြတ်ခံရတဲ့ မိန်းမပျိုလေးများလည်း ပါဝင်ပါတယ်။ စစ်ဘေးရှောင် စစ်ပြေးဒုက္ခသည်ပေါင်း ၁ သန်း ၇ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာမို့ တိုင်းပြည်တဝန်းလုံးက နေရာအနှံ့မှာ အနိဋ္ဌာရုံတွေနဲ့ ပြည့်လျှမ်းနေတဲ့အချိန် ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင် တနိုင်ငံလုံး အသုဘရှုနေရတာမို့ အသုဘအိမ်လို ဖြစ်ချိန်လို့လည်း ဆိုနိုင်ပါတယ်။

အဲ့ဒီလို နိုင်ငံသူနိုင်ငံသားအများစု အတိဒုက္ခရောက်နေရချိန်၊ အမင်္ဂလာအခါသမယမျိုးမှာ အသက်ဆုံးရသူ၊ ဘဝဆုံးရသူ၊ မိသားစုဆုံးရှုံးရသူ၊ အိုးအိမ်စည်းစိမ်လုပ်ငန်း ဆုံးရှုံးရသူတွေအပြင် အနာဂတ်ပျောက်ဆုံးနေရပြီး စားရမဲ့၊ သောက်ရမဲ့၊ နေစရာမဲ့ဖြစ်တဲ့ ပြည်သူအများစုရှေ့ အသိခေါက်ခက် အဝင်နက်သူတွေ ကိုယ်ချင်းစာတရား ပျောက်ဆုံးနေသူတွေဟာ ဟီရိဩတ္တပ္ပမဲ့စွာ မရှက်မကြောက် သူတို့ စားနိုင်သောက်နိုင်တာတွေ၊ လည်နိုင်ပတ်နိုင်တာတွေ၊ တရားမျှတမှုမဲ့‌ပြီး ဓမ္မတရား ဆိတ်သုဉ်းနေတဲ့ နိုင်ငံမှာ ဘုရားဖူး ထွက်ကြတာတွေ၊ ပင်လယ်ကမ်းခြေ အပန်းဖြေထွက်တာတွေကို လူမှုကွန်ရက်တွေပေါ်တင် ကြွားဝါတာဟာ သူတို့မှာ ကိုယ်ချင်းစာတရား ပျောက်ဆုံးနေတယ်ဆိုတာကို ညွှန်ပြနေသလို မလုပ်သင့် မလုပ်ထိုက်တာကို မလုပ်ဖို့ စဉ်းစားတွေးခေါ်နိုင်တဲ့ဉာဏ်ရည် မရှိဘူးဆိုတာလည်း အများရှေ့ အထုပ်ဖြည်ပြရာ ရောက်ပါတယ်။

တကယ်တော့ ထိုသူတို့ရဲ့ အိမ်သူအိမ်သား ဇနီးသားမယား မိဘ ညီအစ်ကိုမောင်နှမ သားချင်းတွေ ဆုံးပါးရလို့ သူတို့အိမ်မှာ အသုဘရှုနေရတဲ့ ရက်တွေမှာဆို သူတို့ အခုလို ကြွားဝါဖို့ စားတဲ့သောက်တဲ့ပုံတွေရိုက်ပြီး လူမှုကွန်ရက်တွေပေါ်မှာ မတင်မှာ သေချာသလို ဘုရားဖူး အလည်အပတ်ခရီးလည်း မထွက်မှာ သေချာပါတယ်။

ကိုယ်ချင်းစာတရားဆိုတာ မိမိနဲ့နှိုင်းယှဉ်ပြီး စာနာနားလည်ပေးတတ်ခြင်း၊ အလိုက်သိတတ်ခြင်းပဲ ဖြစ်ပါတယ်။ အဖေ အမေ ဆုံးရှုံးရသူတွေ၊ သားသမီးအားလုံး ဆုံးပါးခဲ့ရသူတွေ၊ စည်းစိမ်ဥစ္စာတွေ အလုံးစုံဖျက်ဆီးခံရတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ ရှေ့မှောက်မှာ ဘာမှမဖြစ်သလို နေထိုင်သွားလာ၊ ပျော်ပါးစားသောက် သုံးဖြုန်းပြတာဟာ လူလိုနားမလည်တာဖြစ်သလို လူသတ် ပြည်ဖျက် စစ်ဓားပြတွေ ဖြစ်စေချင်သလို မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေ ပုံမှန်ဖြစ်နေပြီ၊ ဘဝတွေ ပုံမှန်လည်ပတ်နေပြီလို့ ကမ္ဘာကိုပြသချင်တဲ့ ကလိမ်ကကျစ် လိမ်ဆင်ကို ထောက်ခံအားဖြည့်ရာ ရောက်ပါတယ်။

တည့်ဥပမာပေးရရင် အိမ်တအိမ်မှာ မိသားစုဝင်တွေကို သတ်ဖြတ်နေလို့ ထွက်ပေါ်လာတဲ့ အော်ဟစ်ညည်းတွားသံတွေကို ဖုံးအုပ်ကာကွယ်ဖို့ မိုက်မဲဉာဏ်ထိုင်းတဲ့ အိမ်သားတချို့ကို အိုးစည်ဗုံမောင်းတွေ တီးမှုတ်ကခုန်ကြ၊ သောက်စားမူးယစ်ပျော်ပါးရင်း အော်ဟစ် ဆူညံကြသလိုပါပဲ။

ဒါကြောင့်မို့လို့လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “အများပြည်သူ စိတ်ဒုက္ခရောက်နေတဲ့ တိုင်းပြည်မှာ စိတ်ချမ်းသာတဲ့လူဆိုတာ အင်မတန်မှ ရှက်စရာကောင်းတယ်” လို့ ဆုံးမခဲ့သလို “ကိုယ့်နိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံဖြစ်တယ်၊ ကိုယ်တယောက်တည်း ချမ်းသာအောင်လုပ်နိုင်တာဟာ ဘာမှ ဂုဏ်ယူစရာမဟုတ်ဘူး” လို့လည်း သတိပေးခဲ့ဖူးပါတယ်။

အဲ့သလိုပြောတာဟာ အမြဲတမ်း ငိုကြွေးပူဆွေးနေကြရမယ် မဆိုလိုပါဘူး။ မိမိကိုယ်ကို တိုးတက်ကြီးပွားအောင် မလုပ်ရဘူးလို့လည်း မဆိုလိုပါဘူး။ စစ်ခွေးရူး အကြိမ်ကြိမ်ကိုက်ခဲတာ ခံနေရတဲ့ မြန်မာနိုင်ငံမှာ အခုချိန်ခါမှာ အပျော်အပါး ပွဲလမ်းသဘင် အသောက်အစား အဆိုအက အလည်အပတ် ဘာလုပ်လုပ် ကိုယ်ချင်းစာတရား၊ အသိတရားရှိရှိ လုပ်သင့်ပါတယ်။ မလိုအပ်တာတွေ လျှော့နိုင်သမျှလျှော့ရင်း အသိတရားနဲ့ နေထိုင်ရှင်သန်တတ်ဖို့ လိုပါတယ်။

အခုဆို တပြည်လုံးအတိုင်းအတာနဲ့ လူသတ်မီးရှို့နေကြတဲ့ အာဏာလု စစ်ဓားပြတပ်ဟာ သူတို့လက်အောက်မှာ ပျော်ရွှင်အေးချမ်းနေတယ်ဆိုတာ လုပ်ဇာတ်ခင်းဖို့ မြန်မာ့နှစ်ကူး သင်္ကြန်ကို စည်ကားအောင် အတင်းအဓမ္မကျင်းပဖို့ ပြင်ဆင်လာကြပြီ ဖြစ်ပါတယ်။ တအိမ်တယောက် သင်္ကြန်ပွဲလာဖို့၊ ဝန်ထမ်းတွေကို ရုံးပိတ်ရက် အိမ်ပြန်ဖို့ ခွင့်မပေးတာတွေ အပြင် ပြည်သူလူထုအများစုက သူတို့နဲ့အတူ မဆင်နွှဲချင်တဲ့ သင်္ကြန်ပွဲတော် စည်ကားအောင် ပြည်သူလူထု ဘဏ္ဍာတွေကို ပြည်သူအလိုမတူဘဲ သုံးဖြုန်းနေကြတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့လည်း တန့်ဆည် ပင်မသပိတ်နဲ့ တန့်ဆည် အမျိုးသမီးသပိတ်အဖွဲ့တွေ ပူးပေါင်းပြီး တန့်ဆည်မှ ပြည်သူလူထုက “စကစရဲ့သင်္ကြန်မှာ ဖျော်ဖြေကြမယ့် အနုပညာရှင်များအား ကန့်ကွက်ရှုတ်ချပါသည်”၊ “အပျော်လွန်ကြူးတဲ့သင်္ကြန် မဖြစ်ပါစေနဲ့ တော်လှန်သင်္ကြန်ပဲဖြစ်ပါစေ”၊ “တိုင်းပြည်က ခွေးကိုက်ခံထားရတာ များနေပြီ”၊ “စစ်ကောင်စီနဲ့ပူးပေါင်းသည့် အနုပညာရှင်မှန်သမျှ ပြတ်ပြတ်သားသား ဆန့်ကျင်ကြ” စတဲ့ ဘန်နာတွေကို ကိုင်ဆောင်လို့ ပြီးခဲ့တဲ့ မတ် ၂၀ ရက်နေ့တုန်းက ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ပြည်သူလူထုအနေနဲ့ လာမယ့်သင်္ကြန်ကာလမှာ စစ်ဘီလူး ဓားပြတွေလက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတွေ၊ အနာဂတ်ကို စွန့်လွှတ်ထားကြရတဲ့ PDF တွေ၊ အိုးမဲ့အိမ်မဲ့ ဖြစ်သွားရတဲ့ မီးလောင်ပြင်က ပြည်သူတွေ၊ အကျဉ်းထောင်တွေထဲက အဖိနှိပ်ခံ နိုင်ငံရေးသမားတွေ၊ မိသားစုနဲ့ ဝေးနေကြရတဲ့ လူငယ်နိုင်ငံရေးသမားတွေကို ကိုယ်ချင်းစာကြဖို့ အကြမ်းဖက်စစ်ကောင်စီရဲ့ သင်္ကြန်မှာ မပါဝင်ကြဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ပုထုဇဉ်လူသားတိုင်းဟာ အပျော်အပါး ပွဲလမ်းသဘင်တွေ ခုံမင်တတ်တာ သဘာဝဖြစ်ပါတယ်။ ဒါပေမဲ့လည်း အနိဋ္ဌာရုံတွေ ပြည့်နှက်လို့ ပူဆွေး ငိုကျွေးနေရဆဲ အသုဘရှုနေရတဲ့အိမ်မှာ ကခုန်ဆော့ကစား ပျော်ပါးဖို့ မသင့်တော်ဘူး၊ မလုပ်အပ်ဘူးဆိုတာ ကိုယ်ချင်းစာစိတ်ရှိသူတိုင်း နားလည်နိုင်၊ လိုက်နာနိုင်ပါတယ်။ သိတတ်နားလည်တဲ့ ပြည်သူအများစုကတော့ စစ်ဓားပြတွေရဲ့ အကုသိုလ်သာရမယ့် မိစ္ဆာသင်္ကြန်ကို စိတ်မဝင်စားကြဘဲ နှစ်သစ်ကူးအခါသမယမှာ ကုသိုလ်ကောင်းမှုတွေပြုရင်း အပြစ်ကင်းစွာ ဖြတ်သန်းကြမှာကို ယုံကြည်ပါတယ်။

ဒါပေမဲ့ နားမလည်တတ်သေးတဲ့ ပြည်သူအချို့ကိုတော့ သတိပေးချင်တာက တိုင်းပြည်ကို ငရဲလောင်မီးကျသလို အတိဒုက္ခရောက်အောင် ပြည်သူကို သတ်ဖြတ်မီးရှို့ ယုတ်မာခဲ့ကြတဲ့ စစ်မိစ္ဆာအာဏာရှင်တွေ သိက္ခာမဲ့စွာ ကျင်းပမယ့် ပြည်သူ့အ‌ပေါ် ဖောက်ပြန်အနုပညာရှင် ဆိုသူတွေကို ပေးမယ့် အကယ်ဒမီဆုပေးပွဲ၊ မိစ္ဆာအတာသင်္ကြန် စတဲ့ ဘယ်လိုပွဲဖြစ်ဖြစ် အားမပေးကြဘဲ ထောက်ပို့သင်္ကြန်၊ တော်လှန်သင်္ကြန်မျိုးမှာသာ ပါဝင်ဆင်နွှဲကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရင်း အသုဘရှုနေရတဲ့ နိုင်ငံတော်မှာ ကိုယ်ချင်းစာတရားမရှိဘဲ အပျော်အပါးငမ်းတဲ့ လူ့လောက်လမ်းများ မဖြစ်ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024