
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်နယ်မြေ ကျိုက်ထိုမြို့နယ်ထဲကို မနေ့ မတ် ၂၅ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ သထုံခရိုင် PDF တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
ကျိုက်ထိုအခြေစိုက် စစ်ကောင်စီတပ်မ ၄၄ ဌာနချုပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်က ပြီးခဲ့တဲ့ မတ် ၂၁ ရက်နေ့မှာ ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။
စစ်ကောင်စီ စစ်ကြောင်းဟာ လက်ရှိမှာတော့ ကျိုက်ထိုမြို့နယ် ငှက်ပျောတောနဲ့ ကရဝေးဆိပ်ကျေးရွာအနီး ရောက်ရှိနေပြီး ထပ်မံဝင်ရောက်လာပါက တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ငှက်ပျောတောကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၄ ရွာလောက်က ဒေသခံတွေဟာ ဘေးလွတ်ရာ ဥယျာဉ်ခြံတွေနဲ့ တောတောင်တွေထဲ ထွက်ပြေးနေရသလို တချို့ဒေသခံတွေကတော့ အခြေအနေ စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်မှာ နယ်မြေခံ ခြေမြန်တပ်ရင်း ခလရ(၂)၊ ဘားအံအခြေစိုက်တပ်ရင်းတွေနဲ့ ကမ်းရိုးတန်းတိုင်း တပ်ရင်းတွေလည်း ပါဝင်ပြီး တပ်အင်အား ၁၀၀ ကျော် ပါဝင်ပါတယ်။
ကျိုက်ထိုအခြေစိုက် စစ်ကောင်စီတပ်မ ၄၄ ဌာနချုပ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ KNU ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာတွေထဲကို နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်နေသလို အရပ်သားထိခိုက်ဒဏ်ရာရတာတွေလည်း ရှိပါတယ်။
အခုမတ်လအတွင်း စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ်မှာ ဒေသခံ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။