
တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကတည်းက ပျက်ပြယ်ခဲ့ပြီး ဖြစ်ပါတယ်။ ဘာကြောင့် ဖွဲ့စည်းပုံ ပျက်ပြီးဖြစ်တယ်လို့ ပြောကြရသလဲဆိုရင် မင်းအောင်လှိုင် အာဏာလွှဲယူစဉ်က အသုံးပြုခဲ့တဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ခေါ်ယူပြီး ကာချုပ်ထံ အာဏာလွှဲပြောင်း ပေးပိုင်ခွင့်ရှိသူဟာ နိုင်ငံတော်သမ္မတသာ ဖြစ်တယ်လို့ အတိအလင်း ဖော်ပြထားလို့ပါ။ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်ထဲမှာ ‘ဒုသမ္မတတဦးဦးက’ လို့ ဖော်ပြမထားသလို ‘ယာယီသမ္မတက’ လုပ်ပိုင်ခွင့်ရှိတယ်လို့လည်း တလုံးတပါဒမျှ ဖော်ပြမထားပါဘူး။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ဖမ်းဆီးထိန်းသိမ်းပြီး အာဏာသိမ်းခဲ့တာ ဖြစ်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ ပျက်ပြီလို့ ပြောကြတာဖြစ်ပါတယ်။
ဒါပေမဲ့လည်း မင်းအောင်လှိုင်တို့ စစ်ခေါင်းဆောင်တစုဟာ သူတို့ တပ်တွင်းအင်အားစုကို ပြန်လည်လှည့်ဖျားဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ တည်ရှိနေသေးသယောင် အစဉ်တစိုက် ပြောဆိုခဲ့ကြပါတယ်။ စစ်အုပ်စုက ပြုလုပ်ပေးမယ့် ရွေးကောက်ပွဲကနေ အာဏာလက်တဆစ်စာမျှ ခွဲဝေယူလို့ရရဆိုပြီး ငံ့လင့်ခဲ့ကြတဲ့ ပါတီနိုင်ငံရေးသမားများကလည်း ဖွဲ့စည်းပုံပျက်ပြီးဖြစ်ကြောင်း မပြောဘဲ ယုန်ကလေး နှာစေး နေခဲ့ကြတာပါ။ အခုတော့ ယုန်ကလေးတွေ နှာမစေးနိုင်တော့ အပျက်အပျက်နဲ့ နှာခေါင်းသွေး ထွက်ကုန်ကြပါပြီ။ မင်းအောင်လှိုင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို လက်မှတ်ရေးထိုး ပြဋ္ဌာန်းလိုက်လို့ပါပဲ။
အာဏာလက်တဆစ်စာမျှ ရရဆိုပြီး ငံ့လင့်ခဲ့ကြတဲ့ ပါတီနိုင်ငံရေးသမားတွေဟာ ပါတီမှတ်ပုံတင်ဥပဒေဟာ တင်းကျပ်လွန်းတယ်လို့ပဲ ညည်းတွားနေကြတာကို တွေ့ရပါတယ်။ တကယ်တမ်း ဒီဥပဒေကို ကာချုပ်မင်းအောင်လှိုင်က ပြဋ္ဌာန်းပိုင်ခွင့် ရှိပါရဲ့လားဆိုတာကို ပိုင်းခြားသုံးသပ်ပြတဲ့ ပြည်တွင်း ပါတီနိုင်ငံရေးသမား အခုထိတော့ မတွေ့မမြင်ရသေးပါဘူး။
ဒီဥပဒေကို ပြန်လှန်သုံးသပ်ရင် မင်းအောင်လှိုင်တို့ ကိုင်စွဲထားတဲ့ ၂၀၀၈ ခြေဥဆိုတဲ့ ပေတံကျိုးကြီးနဲ့ပဲ ပြန်တိုင်းထွာရတော့မှာပါပဲ။ သူတို့လုပ်ရပ်ကို သူတို့ ပေတံကျိုးနဲ့ပဲ ပြန်တိုင်းရပါလိမ့်မယ်။ ၂၀၀၈ ခြေဥ ဖြစ်တည်ပြီးနောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေဟာ သုံးကြိမ် ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါတယ်။ ပထမတကြိမ်က ပထမလွှတ်တော်မပေါ်မီ စစ်အစိုးရက ပြဋ္ဌာန်းပေးခဲ့တာပါ။ ဒါဟာ အသွင်ကူးပြောင်းဆဲကာလမို့ စစ်အစိုးရက ပြဋ္ဌာန်းခဲ့တာပါ။ နောက်နှစ်ကြိမ်ကတော့ ၂၀၁၁ နဲ့ ၂၀၁၄ ခုနှစ်တွေမှာ ပါတီမှတ်ပုံတင်ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ပြဋ္ဌာန်းခဲ့တာပါ။ ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ရေးဆွဲပြီး သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး ပြဋ္ဌာန်းပေးခြင်း ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ NLD အစိုးရလက်ထက်မှာတော့ ဒီဥပဒေကို အထူးတလည် ပြင်ဆင်ပြဋ္ဌာန်းခြင်း မရှိခဲ့ပါဘူး။ ပထမလွှတ်တော် ပေါ်ပေါက်ပြီးနောက်မှာ ပါတီမှတ်ပုံတင်ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ရေးဆွဲပြီး သမ္မတက အတည်ပြု လက်မှတ်ရေးထိုး ပြဋ္ဌာန်းရတာပါ။ လူပုဂ္ဂိုလ်တဦးတယောက်ရဲ့ ဆန္ဒနဲ့ ပြဋ္ဌာန်းခဲ့ခြင်းမျိုး မတွေ့ရပါဘူး။
၂၀၀၈ ခြေဥ အခန်း (၁၀) နိုင်ငံရေးပါတီများ အခန်း၊ ပုဒ်မ (၄၀၉) မှာလည်း ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံရေးပါတီများနှင့် စပ်လျဉ်းသည့် လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရမည်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ အခုကာလက လွှတ်တော်တွေ မပေါ်ပေါက်သေးမီ မင်းအောင်လှိုင်တို့က အာဏာဖြတ်သိမ်းသွားတဲ့ကာလ ဖြစ်နေပါတယ်။ ဒီတော့ ကာလုံက ကာချုပ်ကို အာဏာလွှဲပေးစဉ်မှာ ပေးအပ်တဲ့ အခွင့်အာဏာကိုပဲ ပြန်ဆန်းစစ်ကြရမှာပါ။ ၂၀၀၈ ခြေဥ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ ပုဒ်မ ၄၁၈ (က) မှာ “ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေ ကြေညာသည့် ကိစ္စရပ်တွင် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အတွင်း မူလအခြေအနေသို့ အမြန်ပြန်ရောက်ရှိစေခြင်းငှာ လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုနိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို လွှဲအပ်ကြောင်း ကြေညာရမည်။ ယင်းသို့ ကြေညာသည့်နေ့မှစ၍ လွှတ်တော်အားလုံးနှင့် ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းများကို ရပ်ဆိုင်းထားသည်ဟု မှတ်ယူရမည်။ ယင်းလွှတ်တော်များ၏ သက်တမ်းကုန်ဆုံးသည့်အခါ သက်ဆိုင်ရာ လွှတ်တော်များသည် အလိုအလျောက် ဖျက်သိမ်းပြီး ဖြစ်သည်ဟု မှတ်ယူရမည်။” လို့ ဖော်ပြထားပါတယ်။
ဒီအပိုဒ်မှာ ကာချုပ်ကို ဥပဒေပြုခွင့်အာဏာ ပေးထားပေမဲ့ “နိုင်ငံတော်သမ္မတသည် နိုင်ငံတော် အတွင်း မူလအခြေအနေသို့ အမြန်ပြန်ရောက်ရှိစေခြင်းငှာ လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုနိုင်ရန်” ဆိုတဲ့ ရည်ညွှန်းချက် ပါဝင်နေတာကို တွေ့ရပါလိမ့်မယ်။ ဆိုလိုတာက ကာချုပ်မှာ ဥပဒေထုတ်ခွင့်ရှိပေမဲ့ နိုင်ငံတော် မူလအခြေအနေကို ပြန်ရောက်ဖို့ ရည်စူးတဲ့ ဥပဒေပဲ ဖြစ်ရမှာပါ။ နိုင်ငံတော်သမ္မတဦးဆောင်တဲ့ ကာလုံလက်ထဲ အာဏာပြန်အပ်ပြီးမှ ပြုလုပ်ရမယ့် ရွေးကောက်ပွဲနဲ့ စပ်ဆိုင်တဲ့ ပါတီမှတ်ပုံတင်ဥပဒေကို မင်းအောင်လှိုင်က ကြိုတင်စီမံ ပြဋ္ဌာန်းသွားတာဟာ ၂၀၀၈ ခြေဥပါ ပြဋ္ဌာန်းချက်တွေနဲ့ ကိုက်ညီပါရဲ့လား ဆိုတာကို ပါတီနိုင်ငံရေးသမားတွေ အနေနဲ့ ကနဦး ဆန်းစစ်သင့်ပါတယ်။
အာဏာလွှဲအပ်ကာလကို ပထမ ၁ နှစ်နဲ့ ထပ်တိုး ခြောက်လ ၂ ကြိမ်၊ စုစုပေါင်း ၂ နှစ်သာ ခွင့်ပြုပေးထားပြီး သည့်နောက်မှာတော့ သမ္မတဦးဆောင်တဲ့ ကာလုံအဖွဲ့ကို အာဏာပြန်အပ်ရမှာပဲ ဖြစ်ပါတယ်။ ကာလုံထံ အာဏာပြန်ရောက်ပြီးမှ ကာလုံကပဲ ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းပေးရမယ်ဆိုတဲ့အကြောင်း ပုဒ်မ ၄၂၈ မှာ “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အဆင့်ဆင့်သော အာဏာပိုင်အဖွဲ့အစည်းများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များနှင့် ရွေးကောက်ပွဲကော်မရှင်တို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော သက်ဆိုင်ရာအရည်အချင်းနှင့် ညီညွတ်သည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။” လို့ အတိအလင်း ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် မင်းအောင်လှိုင် ကြိုတင်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ကရော ဘောင်ကျိုး ၂၀၀၈ ခြေဥနဲ့တောင် ကိုက်ညီပါရဲ့လား ဆိုတာကိုလည်း ပါတီနိုင်ငံရေးသမားများ ဆန်းစစ်သင့်ပါတယ်။ လာရာလမ်းကြောင်း မှန် မမှန် အရင်မကြည့်ဘဲ လားရာလမ်းကြောင်းကိုသာ ပြောနေကြရင်ဖြင့် ......။
စောအဲမွန်