
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ ခလရ-၂၁ တပ်ရင်းကို တပ်ပြောင်းဖို့ ပြင်ဆင်နေချိန် ဇန်နဝါရီ ၂၁ ရက် ဒီနေ့ မနက် ၆ နာရီလောက်က အမည်မသိလက်နက်ကိုင်အဖွဲ့က လက်နက်ကြီး ၄၀-မမ(၁၀)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။
ဒီမနက် ၅ နာရီ ၄၀ မိနစ်ဝန်းကျင်မှာ တပ်ပြောင်းဖို့ ပြင်စဉ်နေစဉ် အမည်မသိအဖွဲ့အစည်းက ၄၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် တပ်တွင်းထိခိုက်သေဆုံးသူတွေ များနိုင်ကြောင်း တပ်နဲ့နီးစပ်သူတစ်ဦးက ပြောပေမဲ့ အရေအတွက်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။
"လက်နက်ကြီးသံ ၁၀ ချက်လောက် ပေါက်ကွဲသံကြားတယ်။ ထိခိုက်သေဆုံးတာရှိနိုင်တယ်။ ဘယ်အဖွဲ့က ပစ်တာလဲတော့မသိဘူး"လို့ အမည်မဖေါ်လိုသူ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် မြစ်ကြီးနားမြို့အတွင်း သွားလာနေတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို စစ်တပ်က တင်းတင်းကျပ်ကျပ်ပိတ်ဆို့ စစ်ဆေးနေတယ်လို့ ဒေသခံတွေထံကသိရပါတယ်။