
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း ၁ နဲ့ အရိပ်ပျောက်ကျားတပ်ဖွဲ့ (ပကဖ) တို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၉ ရက် နေ့လယ်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
ဒီလိုမျိုး ဝင်ရောက်တိုက်ခိုက်ရာမှာ ရဲတွေဘက်က အထိအခိုက်ရှိပြီး အတိအကျမသိရသေးဘူးလို့ မြိတ်ခရိုင်တပ်ရင်း ၁ က ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ဟုတ်တယ်ဗျ။ ဒီနေ့ (ဒီဇင်ဘာ ၉ ရက်) ၁၁ နာရီလောက်က ပလရဲစခန်းကို ပူးပေါင်းဝင်တိုက်တယ်။ ယမန်နေ့က ပုလောကိုဝင်တယ်။ ဒီနေ့ ပလကို ဝင်တာ။ သူတို့က ပလကို PDFတွေမလာနိုင်ဘူး။ ငကြောက်တွေလို့ ပြောထားတာကိုး။”
ပလရဲစခန်း ပစ်ခတ်မှုနဲ့ ပတ်သက်ပြီးဒေသခံ တစ်ဦးက “ပလကို ဝင်ပစ်စေချင်တာ ကြာပြီ။ လူဖမ်းငွေညစ် နေကြတာလေ။ ဖမ်းပြီးနှိပ်စက် ညှင်းပန်းကြတာ။ အခုလို လာပစ်စေချင်တယ်။ သိမ်းရင်လည်း မြန်မြန်သိမ်းစေချင်တယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်ကလည်း ပြည်သူ့ကာကွယ်ရေးမြိတ်ခရိုင်တပ်ရင်း ( ၁ ) က ပုလောမြို့ မြို့နယ်ခန်းမနဲ့ ပဝတ်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးဘက်က အထိအခိုက်မရှိသေးပါဘူး။