
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲက တောင်ကလေးရွာက ရဲကင်းစခန်းကို နိုဝင်ဘာ ၂၁ ရက်က KNLA ပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ချိန် စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ PDF သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီမနက် ၅ နာရီခွဲက တောင်ကလေးရဲကင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေ ဝင်တိုက်ခိုက်ရာမှာ နှစ်ဖက်တိုက်ပွဲနာရီဝက်ကြဖြစ်ပွားခဲ့ပြီးနောက် မနက် ၆ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူရော မြေပြင်ကနေပါ လက်နက်ကြီး ပစ်ကူပေးနေတာလို့ သိရပါတယ်။
တောင်ကလေးရွာခံတဦးက “မနက်ကတော့ ရဟတ်ယာဉ် သုံးစီးနဲ့ လာပစ်သွားတယ်၊ အခုလည်း ဂျက်ဖိုက်တာ နောက်တစ်စီး ထပ်ရောက်လာပြီး ပစ်နေတာ၊ မနက် ၁၀ နာရီကျော်သွားပြီး အခုထိ ပစ်တုန်းပဲ”လို့ ပြောပါတယ်
စစ်တပ်က လေယာဉ်နဲ့ အဆက်မပြတ် လာရောက် ပစ်ခတ်နေတဲ့အပြင် မုဒုံအမြောက်တပ်က လည်းလက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်နေတာကြောင့် တောင်ကလေးရွာသားတွေ နေအိမ် တွေမှာ ပုန်းခိုးနေရတယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေပေမဲ့ နှစ်ဖက်တပ်တွေ သေဆုံး ဒဏ်ရာရ အခြေအနေ အသေးစိတ်ကိုတော့ လတ်တလော မသိရှိရသေးပါဘူး။
အလားတူ ရွာချင်းကပ်လျက် ကြံတောရွာမှာလည်း ပစ်ခတ်တာတွေ ရှိပြီး ရွာသားတွေ ရော်ဘာခြံတွေမှာ ပုန်းနေကြရာကာ မြစ်အရှေ့ဘက်ကမ်းရွာတွေထိ ပြင်းထန်တဲ့ပေါက်ကွဲသံတွေ ကြားနေရလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
တိုက်ပွဲဖြစ်ရာ ဒေသဘက်ကို ဆက်သွယ်သွားလာတဲ့ လမ်းတွေဖြစ်တဲ့ မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးလမ်းကို အသုံးမပြုဖို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။
နိုဝင်ဘာ ၁၂ ရက်ကလည်း ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွရွာမှာ ရှိတဲ့ ရဲစခန်းကို KNLA ပူးပေါင်းတပ်က ဝင်ရောက်စီးနင်း တိုက်ခိုက် မီးရှို့ခဲ့သလို တိုက်ခိုက်မှုအတွင်း စစ်တပ်က လေယာဉ်နဲ့ လာရောက် ပစ်ခတ်ခဲ့ပါတယ်။