
တနင်္သာရီတိုင်း၊ ထားဝယ်ပညာရေးဒီဂရီကောလိပ် ကျောင်းသား ကိုဟိန်းထက်စံကို အောက်တိုဘာ ၁၇ ရက် ညမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ထားဝယ်ပညာရေးဒီဂရီကောလိပ် ကျောင်းသားတယောက်က ပြောပါတယ်။
အသက် ၂၀ အရွယ် ကိုဟိန်းထက်စံကို တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်က နေအိမ်မှာပဲ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
“၁၇ ရက် ညပိုင်း အိမ်မှာရှိနေတုန်း လာဖမ်းသွားတာပဲ။ ဘာအကြောင်းပြချက်နဲ့ ဖမ်းတယ်ဆိုတာတော့ မသိရသေးဘူး။”
ကိုဟိန်းထက်စံဟာ ထားဝယ်ပညာရေးဒီဂရီကောလိပ် ၂၃ /သိပ္ပံတန်းခွဲမှာ တက်ရောက်နေသူ ဖြစ်ပြီး အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ကာ ကျောင်းမတက်ဘဲ သပိတ်မှောက်ထားတဲ့ ကျောင်းသားတယောက် ဖြစ်ပါတယ်။
ထားဝယ်ခရိုင်မှာ စက်တင်ဘာလအတွင်း ထားဝယ်ခရိုင်လူငယ်များ တော်လှန်ရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင် ၂ ယောက်နဲ့ ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသား ၂ ယောက် အပါအဝင် လူငယ် ၁၀ ယောက်နီးပါး စစ်ကောင်စီဖမ်းဆီးတာ ခံခဲ့ရပါတယ်။
အဖမ်းခံရတဲ့ ဖြစ်စဉ်အများစုဟာ လမ်းက စစ်ဆေးရေးဂိတ်တွေမှာ ဖုန်းစစ်ဆေးခံရပြီး ဖမ်းဆီးခံရတာနဲ့ ဖမ်းဆီးခံထားရတဲ့သူရဲ့ ဖုန်းကနေ နောက်ယောင်ခံလိုက်ပြီး အမည်စာရင်းနဲ့ အတိအကျ လာဖမ်းခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်တယ်လို့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။