
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စစ်တောင်းတံတားအနီးရှိ စစ်ကောင်စီ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်ကို စက်တင်ဘာ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာ KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင် ပြောခွင့်ရက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီစစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု တနာရီနီးပါးကြာ ဖြစ်ပွားခဲ့တာပါ။
နှစ်ဖက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၂ ဦး သေဆုံးကြောင်း သတင်းရရှိထားပေမယ့် မြေပြင် အခြေအနေ အသေးစိတ် အချက်အလက်ကို အတည်မပြုနိုင်သေးကြောင်း၊ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ ထိခိုက်သူမရှိဘူးလို့ KNU သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်က ပြောပါတယ်။
ဒေသခံတွေအဆိုအရ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်မှုအတွင်း အရပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိထားတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်ကို စစ်တပ် အာဏာသိမ်းပြီးနောက် KNLA ပူးပေါင်းတပ်ဖွဲ့က အခုတစ်ကြိမ် အပါအဝင် ၄ ကြိမ်ထက်မနည်း လာရောက် တိုက်ခိုက်ထားတာ ဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာနေတာပါ။
စစ်ကောင်စီ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်ဟာ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ တည်ရှိတာ ဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၃၀ နီးပါး တပ်စွဲနေထိုင်နေတဲ့ ဂိတ်တစ်ခုလည်း ဖြစ်ပါတယ်။