
သည်ကနေ့မနက် ရေနွေးကြမ်းဝိုင်းမှာ အမြည်းကတော့ ခါးသက်သက် အရသာလေးနဲ့ ခံတွင်းရှင်းစေတဲ့ ' ကြောင်လျှာပွင့်သုပ် ' ခင်ဗျ။ မြို့မှာတုန်းက မစားဖူးခဲ့တဲ့ စားရကောင်းမှန်းကိုမသိ ခဲ့တဲ့အစားအစာတွေကို ရောက်ရှိခိုနားခဲ့တဲ့ရွာ လေးတွေမှာ မကြာမကြာ ' ဝါး ' ရပါသဗျာ။
' ကြောင်လျှာပွင့် ' တွေကို ကောက်၊ ရေဆေး၊ ထက်ခြမ်းခွာ၊ အလယ်အူတိုင်ကိုဖဲ့ထုတ်ပစ်ပြီး အခြောက်လှမ်းကြပါ၏။ ခြောက်တဲ့အခါ ဘူးတွေ၊ ပုလင်းတွေထဲမှာ လေလုံအောင်ထည့်သိမ်းထား ပြီး စားချင်တဲ့အချိန်ကျရင် လိုသလောက်ထုတ် ရေနွေးဖြောပြီး လက်သုပ် သုပ်စားကြတာ နှစ် ပေါက်တဲ့အထိပါပဲ။
ကြောင်လျှာပွင့်သုပ်ကလည်း ' ခံတွင်းလိုက် ' သလားမမေးနဲ့၊ အရသာ ရှိပါ့။ ဒီလိုပါပဲ စကား ဝိုင်းကလည်း ' နှုတ်လိုက် ' သလားမမေးနဲ့ဆိုတဲ့ အမျိုးအစားဝိုင်း ခင်ဗျ။ အဘစောမူးသာတို့ အဘလုံးတုံးတို့ လေဖြတ်ထားတာကနေ ပြန်ပြီးနလန် ထူလာတဲ့ အဘထွန်းခင်တို့ရဲ့ မရိုးနိုင် တဲ့ မြန်မာ့နိုင်ငံရေးအကြောင်းတွေပေါ့ဗျာ။
" ငါတို့မြန်မာနိုင်ငံသားတွေဟာ ဘယ်လောက်ပဲ ဒုက္ခရောက်နေရောက်နေ အဲသည်ဒုက္ခထဲကနေ ' အရွှင် ' လေးတွေ ရှာဖွေတတ်တာ အံ့သြစရာကွ တောကြက်ကြီးလုံးတုံးရ "
" အဲဒါတော့ အမှန်ပဲကွ မူးသာရ . . . ငါလည်း မြန်မာပြည် တိုင်းနဲ့ ပြည်နယ်အနှံ့ ပြောင်းရွှေ့ပြီး တာဝန်ထမ်းဆောင်ခဲ့ရတဲ့ကောင်ပဲကွ . . ဘယ်ဒေသရောက်ရောက် ဒုက္ခတောထဲကမထွက်နိုင် တဲ့လူတွေထဲမှာ ' ဟာသလေးတွေ ' ရှာရှာဖွေ ဖွေပြောတာဆိုတာ ကြုံဖူးခဲ့တာ အများကြီးကွ။"
" ဟားဟား ဟားဟား ဟားဟား . . . ' ဒုက္ခ ' မီးအပူကို ' ဟာသ ' ရေအေးနဲ့ ဆေးကြောပြီး အပူသက်သာအောင် ကြံဆောင်တတ်တဲ့ လူမျိုးကိုးဟ လုံးတုံးရ . . . "
အဟုတ်ပါပဲခင်ဗျ ၊ ဖေကြီးလည်း ကိုယ်ကျင်လည်ခဲ့ရာ မြို့ရွာဒေသတွေမှာ အဲသလိုတွေကြားဖူး ကြုံဖူးပါတယ် ခင်ဗျ။ စာဖတ်သူမိတ်ဆွေများလည်း ဒီလိုပဲ ကြုံဖူးကြမှာ မလွဲပါ။
" အခုလို စောက်ရူးကြီးမအလကြောင့် ဒုက္ခပင်လယ်ဝေနေကြတဲ့အချိန်မှာတောင်မှ ပြည် သူလူထုဟာ ' လိုင်းပေါ် ' မှာ ' အရွှင် ' တွေရေးပြီး ' ဟား ' နေနိုင်ကြတာ အံ့သြစရာကွ "
" ဟုတ်ပ မူးသာရာ . . . စာရေးဆရာတွေတောင်မှ ' နည်းယူ ' ရမယ့် ' အလုံးတွေ ' မကြာ မကြာ ဖတ်ရသကွ . . . "
" ဟုတ်ပ ထွန်းခင်ရာ . . . ဟိုဘက်တလောကပဲ ပြုံးစရာလေး ဖတ်လိုက်ရသေးတယ်ကွ၊
' နစကပတ္တမြားကြီး ' ဆိုတာ ပေါ်ထွက်လာတယ်ဆိုတဲ့ ရက်ကလေ "
" ဟားဟား ဟားဟား ဟားဟား . . . ငါလည်း
ဖတ်လိုက်ရတယ် မူးသာရ၊ ' ပတ္တမြား ' ဆိုတာကြီးက ' ပတ္တမြား ' နဲ့မတူပဲ ' ကာဘော်လစ်ဆပ်ပြာခဲကြီး ' နဲ့ ပိုတူနေတယ်လို့ ရေးထားသဟ "
" ဟားဟား ဟားဟား ဟားဟား . . . . . . . "
အဲသည်ရက်မှာပဲ ' လိုင်းပေါ် ' မှာ ကြိုတင် ' နိမိတ် ' ဖတ်ကြတဲ့ ဖေ့စ်ဘွတ်ခ် သုံးစွဲသူ ပုဏ္ဏားဖြူ ၊ ပုဏ္ဏားညိုတွေ တစ်လှေကြီး ထွက်ပေါ်လာပြီး " ကလင်ဒါကျအရ ဆိုရင်တော့ ' ပတ္တမြားကြီး' ပေါ်ပြီးရင် မကြာခင်မှာ 'ဆင်ဖြူ တော်' ပေါ်ထွက်လာလတ္တံ့ " လို့ အတတ်ဟောခဲ့ ကြပြီး ရက်သိပ်မကြာခင် ' ကွက်တိ ' ပဲ ' ဆင်ဖြူ တော် ' ဆိုတာကြီး ပေါ်လာတာလည်း အမှန်ပဲ မဟုတ်ပါလား။
" အဲသည် အာဏာရူး ကြင်စိုး သာ၀ မအလနဲ့ သူ့နောက်လိုက်နောက်ပါ အယုတ်တမာ အဖွဲ့သားတွေ ရှေ့မှာ ဘာလုပ်တော့မယ် ဆိုတာကို ကြိုသိနေကြပြီး ထိပ်ကပိတ်ထားခဲ့ကြတာကွ .. . ဟ ဟ ဟ "
" ဟားဟား ဟားဟား ဟားဟား . . . ထိပ်က ဘယ်လိုပဲ ပိတ်ထား ပိတ်ထား၊ အစီအစဉ်ဆွဲ ပြီးသား မအလတွေကတော့ အရှက်လုံးဝမရှိပဲ နဂိုအစီအစဉ်အတိုင်း မင်းကောင်းမင်းမြတ် မအလကြီးလက်ထက်မှာ ' ဆင်ဖြူ တော် ' ပေါ်တယ် လုပ်ချကြပြန်တာပေါ့ကွာ . . . "
" ဟားဟား ဟားဟား ဟားဟား . . . . . . "
" လိုက်လည်းလိုက်တဲ့ကောင်တွေ . . ဘုရင်ရူးနဲ့ ကျွန်ရူးတွေပါဗျား ဟား ဟား ဟား ဟား "
ဆင်ဖြူ တော်စကားဝိုင်းကား ' တဟားဟား ' ပါ ခင်ဗျ။ ' ဘုရင်ရူး ' တွေဟာ သူတို့အာဏာ သိမ်းပြီးရင် ပြည်သူလူထုကို ' ဂျင်း ' ထည့်ကြတာ အစဉ်အလာပါတဲ့။ " မင်းကောင်းမင်းမြတ်ခေတ်မှာ မြေတွင်းက ' ပြည်တန်ရတနာ ' တွေထွက်ပေါ်တယ်၊ ပြီးတော့ ' ဆင်ဖြူ တော်' တွေ ပေါ်ထွန်းတယ် " ဘာညာပေါ့ဗျာ။
မအလရဲ့ စီနီယာ အစ်ကိုကြီး အဘကြီးတွေ ခေတ်ကာလတုန်းကလည်း ပတ္တမြားကြီးတွေ ပေါ်လာလိုက် ဆင်ဖြူ တော်ဆိုတဲ့ ' ဝါကျင့်ကျင့်'တွေ ' ပြာနှမ်းနှမ်း ' တွေ တစ်ကောင်ပြီးတစ်ကောင် ပေါ်လာတယ် လုပ်လိုက်နဲ့ ဂျင်းတွေထည့်လိုက်ကြတာ တစ်ကြိမ်မှာတော့ ' ဘင်္ဂလားဒေ့ရှ် ' နိုင်ငံ သစ်တောဌာန ပိုင်တဲ့ဆင်ဖြစ်နေလို့ ကြိတ်ပြီး လျော်လိုက်ရသေးသတဲ့ခင်ဗျ။
အဘစောမူးသာက ကြောင်လျှာပွင့်သုပ် တစ်ဇွန်းကိုခပ်ပြီးဝါးကာ ရေနွေးကြမ်းပူပူကို မှုတ် သောက်ရင်း ပြုံးစိ ပြုံးစိ လုပ်နေပါသဗျ။ အဘ လုံးတုံးက " ဘာပြုံးတာလဲ စ မ သ " လို့မေးတော့ သူ့ထုံးစံအတိုင်း ' တဟားဟား ' ရယ်ရင်း " ဆရာကြီး ဒေါက်တာသန်းထွန်းကို သတိရသွားလို့ကွ " လို့ ဖြေပါတယ် ခင်ဗျ။
" သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာသန်းထွန်းကို ဘာလို့သတိရသွားတာလဲ မူးသာရ "
" ဟိုအရင် ဘုရင်ရူး ပလ္လင်ရူး မအလရဲ့ အစ်ကိုကြီးတွေလက်ထက်တုန်းကလည်း ဒီလိုပဲ ဂျင်း ' ဆင်ဖြူ တော် ' တွေပေါ်လာတဲ့အခါ ဆရာကြီးဒေါက်တာသန်းထွန်းက မှတ်ချက် စကား မြွက်ကြားသကွ "
" ဆိုပါအုံးဟ . . . "
" တကယ်တမ်းကျတော့ ' ဆင်ဖြူ ' ဆိုတာဆင်အမျိုးအစားမို့ မျိုးရိုး၊ မျိုးစိပ်တွေနဲ့ ဘာမှ မဆိုင်ဘဲ ၊ အဲသည်အကောင်ရဲ့ အသားအရည်ရဲ့ ' ရောင်ခြယ်စနစ် ' ချို့ယွင်းနေတာမျိုးတဲ့ဟ၊ Skin Type ကမဟုတ်ပဲ Hypopigment Abnormal ဖြစ်နေတာလို့ ဒေါက်တာသန်းထွန်းက မိန့်ခဲ့ပါသဗျား . . . ဟားဟား ဟားဟား ဟားဟား . . . "
" ဟားဟား ဟားဟား ဟားဟား . . . . . . "
ဒါကိုပဲ ဘုရင်ရူးရူးနေတဲ့ကောင်တွေက ' ဘုန်းတော်ကြောင့် ' နဲ့ လုပ်စားလာခဲ့တာ နှစ်ပေါင်းကို ထောင်ချီခဲ့ပါပြီတဲ့ ခင်ဗျာ။ စကားဝိုင်းကား ရယ်သံများဖြင့် ဖုံးလွှမ်းခဲ့ပါလေပြီ။ အဘလုံးတုံးက သူလည်း ဆရာကြီးဒေါက်တာသန်းထွန်း၏မိန့်ကြားချက်ကို ဖတ်ဖူးကြောင်းဖြင့် အဘစော မူးသာရဲ့အဆိုကို ထောက်ခံဆွေးနွေးလာပါလေ၏ ခင်ဗျာ။
" ' ဆင်ဖြူ ' ဆိုတာ တစ်ကိုယ်လုံး အရောင်ခြယ် စနစ်ချို့ယွင်းပြီး တစ်ကိုယ်လုံး ' ခရုသင်း ' စွဲနေတာတဲ့ကွ . . . အေး . . . ' ခရုသင်း ' ဆိုတာဟာ' အနူဆယ်ပါး ' မှာ ' တစ်ပါး ' အပါအဝင်လို့ မှတ်
သားဘူးတာပဲကွ . . . အာဟ . . . အာဟ . . . " " ဒါဆိုရင်တော့ အယုတ်တမာ့ထွဋ်ခေါင် ကြင်စိုး သာ၀ မအလ မောင်မောင်ရဲ့ အမည်သစ်ဟာ ' ဆင်အနူရှင် မင်းငနွားကြီး မအလ ' ပေါ့ဗျား . .
. . . . . . "
" သင့်မြတ်လှကြောင်းပါ ဘုရား . . . . . . . . "
" ဟားဟား ဟားဟား ဟားဟား ဟားဟား "
ဖေကြီး (လေရှီး)